ပဲခူးတိုင်း ကျောက်ကြီး (လယ်ဒို) မြို့နယ်မှာ ၂၀၂၆ ခုနှစ် ပထမ သုံးလအတွင်း စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းစေခံရတဲ့ တပ်သား ၄၁ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သူတို့ဟာ စစ်မှုထမ်းဥပဒေကြောင့် ဆန္ဒမပါဘဲ စစ်မှုထမ်း စေခိုင်းခံရသူတွေဖြစ်ပြီး လက်ရှိမှာ စစ်သုံ့ပန်း လုပ်ငန်းစဉ်တွေနဲ့ အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လတ်တလော တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်က လပိုင်းပဲ စစ်ပညာသင်ထားရသေးတဲ့ စစ်မှုထမ်း တပ်သားတွေကို ရှေ့တန်းလွှတ်ပြီး တိုက်ပွဲဝင်ခိုင်းနေတောလို့ ညောင်လေးပင်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပစ လို့ခေါ်တာပေါ့ ပြည်သူစစ်မှုထမ်းတွေ ရှေ့ကနေ အတင်းဝင်လာပြီးတော့ တိုက်ခိုင်းတာတို့ဘာတို့ ရှိတယ်။ အဲဒီအခါမှာ ဖမ်းမိတဲ့ တပ်သားတွေလည်းရှိသလို ကျနော်တို့ဆီ အလင်းဝင်တဲ့ ပြည်သူ့စစ်မှုထမ်းတွေ ရှိတယ်။ သူတို့ကို မူးယစ်ဆေးဝါးတွေ အလွန်အကျွံ့ပေးသုံးစွဲတယ် အဲဒီလိုသုံးစွဲခိုင်းပြီး အရှေ့ကနေ အတင်းလွှတ်တယ် ပေါ့နော်။ ပြီးတော့ စိတ်မပါပေမဲ့လည်း ဒီပွဲတွေကို တိုက်နေရတယ်ပေါ့ အဲဒါကြောင့် အဆက်အသွယ်ရရင် ရသလို ဆက်သွယ်ပြီး ပြေးလာကြတာလည်း ရှိပါတယ်”
ဒီကာလအတွင်း စစ်ကော်မရှင်တပ်က ကျောက်ကြီးမြို့နယ်ထဲမှာ လေကြောင်းကနေတိုက်ခိုက်တာ၊ မြေပြင်ကနေ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လည်း အရပ်သား ၃၈ ဦးသေဆုံးပြီး နောက်ထပ် ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီအပြင် ရွာပေါင်း ၁၃ ရွာမှာရှိတဲ့ အိမ်ခြေ ၁၂၀၀ ကျော်က လူပေါင်း ခြောက်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။
သုံးလတာ တိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ကျောက်ကြီး မြို့နယ်ထဲမှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်း နှစ်ခုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း KNU က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
စစ်ကော်မရှင်က စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
