စစ်ကော်မရှင်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ခေါ်ယူထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တို့ရဲ့ အရေးပါတဲ့ အမြဲတမ်း ကော်မတီတွေကို မတ်လ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီ တွေရဲ့ ဥက္ကဌနဲ့ အတွင်းရေးမှူးနေရာတွေကို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ အရင်လူဟောင်းတွေကို ပြန်လည်ခန့်အပ် လိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတေဇာကျော်ကို ဥက္ကဌနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးတင်အောင်ချစ်ကို ကော်မတီ အတွင်းရေးမှူး အဖြစ် ခန့်အပ်ခဲ့တာပါ။
အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှာတော့ စစ်ကော်မရှင်ရဲ့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးချစ်ဆွေက ဥက္ကဌနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းအောင်က အတွင်းရေးမှူး ဖြစ်လာပါတယ်။
ပြည်သူ့ငွေစာရင်းကော်မတီဟာ အစိုးရ ဝန်ကြီးဌာနတွေက လွှတ်တော်ထံ တောင်းခံလာတဲ့ ဘဏ္ဍာငွေတွေကို ခွင့်ပြုဖို့ သင့်၊ မသင့် စီစစ်တာ၊ ခွင့်ပြုပေးလိုက်တဲ့ ဘဏ္ဍာငွေတွေကိုလည်း စနစ်တကျ သုံး၊ သုံးမသုံး ကြီးကြပ်ပေးရတဲ့ ကော်မတီဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှာတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ တာဝန်ယူခဲ့သူ ဦးနန္ဒာကျော်စွာ ကို ဥက္ကဌ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့် တာဝန်ယူခဲ့သူ ဦးသိန်းထွန်းဦးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့တာ တွေ့ရပါတယ်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နွယ်နွယ်ဦးက ဥက္ကဌ၊ ဗိုလ်ချုပ်ဟောင်း ဦးဇင်မင်းထက်က အတွင်းရေးမှူး ဖြစ်လာပါတယ်။
ဥပဒေကြမ်းကော်မတီဟာ ပြဌာန်းထားပြီးသား ဥပဒေတွေကို ပယ်ဖျက်၊ ပြင်ဆင်တာ၊ အသစ်ပြဌာန်းဖို့အတွက် ဥပဒေကြမ်းတွေ ရေးဆွဲတာ၊ ကိုယ်စားလှယ်တွေ၊ ရေးရာကော်မတီတွေနဲ့ ဝန်ကြီးဌာနတွေက တင်သွင်းလာတဲ့ ဥပဒေကြမ်းတွေကို မူဝါဒတွေနဲ့ ကိုက်ညီမမှု ရှိ မရှိ၊ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ သင့် မသင့် အရင်ဆုံး လေ့လာသုံးသပ်ပြီး အစီအရင်ခံပေးရတဲ့ ကော်မတီ ဖြစ်ပါတယ်။
ဒီလိုအရေးကြီးတဲ့ ကော်မတီတွေမှာ ယခင်လူဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ခန့်အပ်နေတာဟာ စစ်ကော်မရှင်ဖွဲ့စည်းမဲ့ အစိုးရနဲ့ လွှတ်တော်ကို တစ်သံတည်းထွက်အောင် ပုံဖော်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ရည်ရွယ်ချက်က လွှတ်တော်နဲ့ အစိုးရနဲ့ တပ်မတော်ကို တသံတည်းထွက်စေချင်တာကြောင့်ပါ။ သူတို့ (စစ်တပ်) ကဘဲ အရာရာချုပ်ကိုင်ချင်တာကြောင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကရော၊ အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်တဲ့ အစိုးရဖက်ကရော၊ တရားရေး မဏ္ဍိုင်ဖက်ကရော ဆန့်ကျင်ဖက်တွေဖြစ်လာမှာ သူတို့ မလိုလာဘူး။ ဒါ့ကြောင့်ဘဲ အဲ့လိုမဖြစ်လာအောင် သူတိုတပ်က လူတွေနဲ့ယခင်လူဟောင်းတွေကိုဘဲ ပြန်ခန့်ထားတာမျိုး ဖြစ်နေတယ်လို့ မြင်တယ်။ ဒါကြောင့် လွှတ်တော်ဟာသူ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးကိစ္စတွေနဲ့ အစိုးရရဲ့ ဘက်ဂျက်ကိစ္စ၊ အသုံးစရိတ်ကိစ္စနဲ့စာ ရင်းစစ်ကိစ္စတွေ အပေါ်အပြန် အလှန်ထိန်းကျောင်းနိုင်မှု အားနည်းသွားနိုင်ပြီး လွှတ်တော်ထဲက ၂၅% ရှိတဲ့ တပ်မတော်သားတွေရဲ့ ဆန္ဒအတိုင်း၊ အုပ်ချုပ်ရေးအဖွဲ့ဖက်က ဖြစ်စေလိုတဲ့ ဆန္ဒအတိုင်းသာ လိုက်လျောပုံဖော်ပေး နေရတဲ့ Rubber stamp တံဆိပ်တုံးထု လွှတ်တော်အဖြစ်နဲ့သာဟန်ပြ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကတဆင့် ခေါ်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်နိုင်ဖို့အတွက် မတ်လ ၃၀ ရက်နေ့မှာ အစုအဖွဲ့အလိုက် အစည်းအဝေးတွေ စတင်ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အတုအယောင်လွှတ်တော်နဲ့ အတုအယောင်အစိုးရကို အသိမအမှတ်မပြုကြောင်း ပြောဆိုထားပါတယ်။
