ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုစာရင်းဝင် ပုဂံဒေသကိုသွားတဲ့ လမ်းခရီးကရွာတွေမှာ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်တဲ့တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်သားနဲ့ပျူစောထီးအဖွဲ့ဝင်တွေပါဝင်တဲ့ ညောင်ဦး ခြေလျင်တပ် (ခလရ) ၄၁၅ က ကင်းလှည့်နေတဲ့ကားကို ညောင်ဦး - ကျောက်ပန်းတောင်းလမ်းပိုင်း ဝါခင်းကြီးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။
စစ်တပ်က အဲဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် တင့်ကားတစ်စီးအပါအဝင် စစ်ကြောင်းလေးကြောင်းခွဲပြီးထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ ကိုကာကာက RFA ကို ပြောပါတယ်။
“ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်း တောင်းလမ်းမှာ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ အဲဒီအဖွဲ့တွေက ဗျတ္တပန်းဆက် လမ်းရဲ့ ကျောက်ပန်းတောင်းက သွားလို့ရှိရင် ညာဘက်ခြမ်းကို ပြေးဝင်လာတာ။ ပြေးဝင်လာတော့ အဲဒီနေ့ တစ်ရက်ကျော် ၂၈ ရက်နေ့မှာ စပြီးတော့မှ စစ်ကြောင်းက သူတို့ တိုက်ခံရတော့ တောက်လျှောက်လိုက်လာ တာပေါ့။ လိုက်လာတာကနေ စပြီးတော့ အခုတော့ ပုပ္ပါးတိုက်နယ်တစ်ခုလုံးမှာ စစ်ပွဲကြီးဖြစ်နေတာပေါ့နော်”
ပုဂံ-ညောင်ဦးမြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြင်းခြံ၊ ငါ့သရောက်၊ ကျောက်ပန်းတောင်း နဲ့ ချောက်မြို့နယ်တွေ မှာဖြစ်နေသလို ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပခုက္ကူမြို့နယ် မြစ်ခြေ - ကျွန်းချောင်းဘက်က လက်နက်ကြီးပစ်သံတွေကို ညောင်ဦးမြို့ကနေကြားရတတ်တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ပုပ္ပါးတောင်နားက လယ်ကြီးနဲ့ကျောက်တံခါးရွာကြားမှာလည်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့သတင်းပတ်ကတိုက်ပွဲဖြစ်ခဲ့ပြီးမတ်လ ၂၄ ရက်နေ့မှာတော့ စစ်တပ်ကကားသုံးစီးနဲ့ လယ်ကြီးရွာကိုအင်အားဖြည့်လာတယ်လို့ပြောပါတယ်။
အဲဒီမှာ စစ်တပ်က ကျောက်ပန်းတောင်းမြို့နယ် အင်ပင်ကြီးရွာက အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အတွက် သူတို့ ရုပ်အဟောင်းတွေကို မတ်လ ၂၄ ရက်နေ့မှာတွေ့ရှိခဲ့တယ်လို့ KPG Update News ဆိုတဲ့ ဒေသတွင်းသတင်းမှာ ဖော်ပြထားပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ကိုညီအောင်၊ ကိုဇော်မျိုးအောင်၊ ကိုမိုက်ခဲ၊ ကိုသူရလွင်နဲ့ ဒေါ်စန်းခိုင်တို့ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာရေးထားပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်ထဲက ဗြူကြီး၊ ကမ်းဖြူ၊ ဆိတ္တိန်း၊ ခါးပတ်၊ ထောက်ရှာ စတဲ့ရွာတွေက အိမ် နှစ်ရာလောက်မီးရှို့ဖျက်ဆီးခံရပြီး ကမ်းဖြူရွာကသက်ကြီးရွယ်အို အမျိုးသမီး သုံးဦး မီးထဲပါသေဆုံးခဲ့သလို ထန်းသမားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။
ကျောက်ပန်းတောင်းနဲ့ မြင်းခြံမြို့နယ်ကြား ရွာနှစ်ဆယ်ကျော်ကဒေသခံတွေလည်း ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ပြောပါတယ်။ အဲဒီရွာတွေမှာ တော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့အတွက် စစ်ကောင်စီတပ်က ပြန်စိုးမိုးနိုင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် ရန်ကုန်ကနေ မိသားစုအလိုက် ပုဂံကိုဘုရားဖူးသွားဖို့ ပြင်နေတဲ့ ခရီးသည်တစ်ဦးကစိုးရိမ်နေတယ်လို့ RFA ကိုပြောပါတယ်။
“ခရီးသွားဖို့ စဉ်းစားနေရတာပေါ့နော်။ နောက်တစ်ချက်ကကျတော့ ပုဂံဘက်မှာ လူတွေပျောက်တာတို့ အဆွဲခံရတာတို့ ပြီးတော့ လမ်းမှာတိုက်ပွဲတွေဖြစ်တာတို့ အဲလိုတွေကြားနေရတော့ သွားဖို့ကို စဉ်းစား နေရတာပေါ့နော်။ ပုဂံသွားရဖို့ ကြောက်နေရတာပေါ့”
အခုလို ပုဂံကိုသွားတဲ့လမ်းခရီးဒေသကတိုက်ပွဲတွေကြောင့် ပုဂံကို ဧည့်သည်လာတာ သိသိသာသာ လျော့နည်းသွားတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေကပြောပါတယ်။ အဲဒီအပြင် အခုရက်ပိုင်းမှာ လောင်စာဆီအခက်အခဲကြောင့် စစ်ကောင်စီကမော်တော်ယာဉ်တွေကို စုံ၊ မ တစ်ရက်မောင်း တစ်ရက်နားစနစ် ထုတ်ပြန်လိုက်တဲ့အတွက် ဧည့်သည်တွေကိုအခက်တွေ့စေတယ်လို့ ပုဂံက ခရီးသွားလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုတယ်အခြေအနေတွေက မကောင်းဘူးလေ။ ဧည့်သည်ကတော့ တော်တော် သိသိသာသာကြီးကို ပါးသွားတာပေါ့။ ထမင်းဆိုင်တွေလည်း မရောင်းရသလောက် ဖြစ်နေတယ်။ နာမည်ကြီးထမင်းဆိုင်ကြီးတွေပဲ Express ကားကြီးတွေလာတာပဲရှိတာ။ ကျန်တဲ့ အနေအထားကပါးတယ်။ တော်တော်ရှင်းတယ်။ ကျွန်တော်ဆို ဧည့်သည်မရတာ ကြာပြီ”
ပြီးခဲ့တဲ့လတွေက ပုဂံမှာ ပြန်ပေးဆွဲတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့သလို ပတ်ဝန်းကျင်ဒေသတွေမှာတိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတာကြောင့် ခရီးသွားဧည့်သည်တွေအနေနဲ့ ဂရုစိုက်ကြဖို့ သတိပေးပြောဆိုတာတွေရှိနေပါတယ်။
