မြန်မာနိုင်ငံမှာ ကလေး ၅ သန်း အပါအဝင် လူ ၁၆ သန်းကျော် အကူအညီလိုနေ

ငလျင်ဘေးအဆိုးဆုံးခံခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ အိမ်ထောင်စု ၆ စုမှာ ၁ စုက စားနပ်ရိက္ခာ မလုံလောက်ဟု WFP ပြော။

မြန်မာနိုင်ငံမှာ လူဦးရေ ၁၆.၂ သန်းခန့်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေဆဲဖြစ်ပြီး ဒီအထဲမှာ ကလေးငယ် ၄.၉ သန်း ပါဝင်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ငလျင်တစ်နှစ်ပြည့်နေ့က ထုတ်ပြန်ပါတယ်။

ဒီအအခြေအနေဟာ မနှစ်ကဖြစ်ပွားခဲ့တဲ့ အင်းအားပြင်း ငလျင်းကြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေး မပြီးသေးချိန် ပဋိပက္ခတွေနဲ့ နေ့ရပ်စွန့်ခွါထွက်ပြေးခဲ့ရတာတွေကြောင့် ပိုမိုဆိုးရွားလာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ငလျင်တစ်နှစ်ပြည့် ထုတ်ပြန်ချက်ထဲမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဘက်က လူဦးရေ ၁.၇ သန်းခန့်ကို အကူအညီပေးနိုင်ခဲ့သော်လည်း ပဋိပက္ခဘေးဒဏ်သင့်ဒေသတွေမှာ မိသားစုပေါင်းများစွာ အခြေခံ လိုအပ်ချက်တွေ မလုံလောက်မှုတွေ အများကြီးရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေကြောင့် ငလျင်ဘေးသင့် ပြည်သူတွေ ဝမ်းရေးအခြေအနေ ပိုမိုဆိုးရွာ းလာနိုင်တယ်လို့ သတိပေးထားပါတယ်။

WFP ရဲ့ သတိပေးထုတ်ပြန်ချက်ထဲမှာ အင်းအားပြင်းငလျင် အဓိက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ အိမ်ထောင်စု ၆ စုမှာ ၁ စုက စားနပ်ရိက္ခာ မလုံခြုံမှုကို ရင်ဆိုင်နေရဆဲဖြစ်ပြီး အိမ်ထောင်စု ထက်ဝက်ခန့်မှာ စားနပ်ရိက္ခာဖူလုံမှု အနည်းငယ်နဲ့သာ မနည်း ဖြေရှင်းနေကြရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်ရေး ပဋိပက္ခတွေအပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေရဲ့သက်ရောက်မှုကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကုန်ကျစရိတ်တွေ မြင့်တက်ပြီး မိသားစုတွေနဲ့ တောင်သူတွေအပေါ် ထပ်ဆင့်ဖိအားပေးနေတာမျိုးလည်း ရှိနေတယ်လို့ WFP က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Michael Dunford က မြန်မာနိုင်ငံ အတွက် အဆိုးရွားဆုံးအချိန်မှာ လာပြီး ရိုက်ခတ်တာကို ခံနေရတာလို့ ပြောပါတယ်။

“ငလျင်ဘေးကနေ အခုမှ ပြန်လည်ရုန်းထနေရတဲ့ ပြည်သူတွေဟာ နောက်ထပ်ထိုးနှက်ချက်တွေ ကြောင့် ပြန်ပြီး အလဲထိုးခံလိုက်ရသလို ဖြစ်နေပါတယ်၊ ထိခိုက်နေပါတယ်”

ဒါ့အပြင် မိုးသီးနှံစိုက်ပျိုးရေးအတွက် သွင်းအားစုကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေက မနှစ်ကထက် နှစ်ဆအထိ မြင့်တက်လာနိုင်တဲ့ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း WFP က ငလျင်ဘေးသင့်ပြည်သူ ငါးသိန်းခန့်ကို အရေးပေါ်ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးအပ်ခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ ၁ ဒသမ ၅ သန်းကို ဆက်လက်ကူညီနိုင်ဖို့ မေရိကန်ဒေါ်လာ ၁၅၀ သန်းခန့် ရန်ပုံငွေ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ လူပေါင်း ၃,၈၁၈ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပျောက်ဆုံးခဲ့သလို ၅,၁၀၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် အိမ်ထောင်စု ၁၆၂,၅၆၃ စု ထိခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၉၇၉ ဘီလီယံကျော်ရှိခဲ့တယ်လို့ စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော် MICC မှာ မတ်လ ၂၈ နေ့က ပြုလုပ်တဲ့ ငလျင်တစ်နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။