ငလျင်တစ်နှစ်ပြည့်ခဲ့​ပေမဲ့ မန္တလေးနဲ့စစ်ကိုင်းမှာ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ

မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇.၇ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။ ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်ခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်း မြို့တွေက​တော့ ငလျင်တစ်နှစ်ပြည့်ခဲ့​ပေမဲ့ ပြန်လည်ထူထောင်ရေး​က လိုအပ်​နေဆဲ ဖြစ်ပါတယ်။ ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးမြို့တွေမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပေမဲ့ ပြန်လည်ထူ ထောင်ရေးတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ငလျင်ဒဏ်သင့် ဒေသခံတွေက RFA ကို ပြောပါတယ်။ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့မှာ အဆောက်အအုံပေါင်း သောင်းနဲ့ချီ ထိခိုက်ခဲ့ပြီး လုံးဝ ပြိုကျ ပျက်စီးခဲ့တဲ့ အဆောက်အအုံက ၄၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။ ဒီလို နေအိမ်၊ တိုက်တာ ပျက်စီးခဲ့သူတွေ ကတော့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအရ အရင်လိုဘဝ ပြန်ရောက်ဖို့ မလွယ်တော့ဘူးလို့ ငလျင်မှာ တိုက်ပြိုကျပျက်စီး ဆုံးရှုံးခဲ့တဲ့ မန္တလေးဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အရမ်းတော့ အခက်အခဲ ဖြစ်တာပေါ့ဗျာ။ သူဌေးဘဝကနေ ချက်ချင်းဆင်းရဲသား ဖြစ်သွားတာဆိုတော့။ ဒါပေမဲ့ လူမှုရေးအရ မိတ်ဆွေအပေါင်းအသင်းတွေက နေစရာထိုင်စရာပေး ကူညီတော့ နေစရာလေး ရှိသွားတယ်ပေါ့နော်။ ကျန်တာကတော့ တော်တော်လေး ခက်ခဲပါတယ်။ မိသားစုတွေရော အကုန်လုံး စိတ်ဒဏ်ရာလည်း အခုအချိန်အထိ မပြေပါဘူး။ အရင်ဘဝမျိုး ပြန်ရောက်ဖို့ဆိုတာ ကျွန်တော်တို့က အရင် ပြီးခဲ့တဲ့ ငလျင်မပြိုခင်ဘဝကို ရောက်ဖို့ဆိုတာ နှစ်ပေါင်း သုံးဆယ်လေးဆယ်လောက် စုထားခဲ့ရတာလေ။ အခု အဲဒီဘဝကို ရောက်ဖို့ ကြိုးစားဖို့ဆိုတာက ခေတ်ကာလ အခြေအနေအရရော နိုင်ငံရေးအရရော ကမ္ဘာ့နိုင်ငံရေးအရရော မြန်မာ့နိုင်ငံရေးအရရော ဘယ်လိုမှ မလွယ်တော့ဘူးပေါ့နော်။ အစိုးရဆိုတာကလည်း ပြည်သူတွေကို ဘာမှ မကူညီနိုင်ဘူး။ ဘာမှလည်း ကူညီခဲ့တာ မရှိဘူးပေါ့နော်။ ကျွန်တော်တို့ အဓိက ငလျင်ထောက်ပံ့ကြေး ရတယ်ဆိုတာကလည်း နိုင်ငံတကာပေးတဲ့ ပိုက်ဆံတွေ ဘယ်လောက်ရလို့ ဘယ်လောက်ရတယ်ဆိုတာလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။”

နိုင်ငံတကာက ကူညီတဲ့ ငလျင်ထောက်ပံ့ကြေး အချို့ကို ရရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ ကိုယ့်အိုးအိမ်နေရာမှာ အစားထိုး ပြန်ဆောက်နေထိုင်ဖို့ ငွေကြေးမတတ်နိုင်တော့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးသွားခဲ့တဲ့ အိမ်ကို ပြန်ဖျက်ပြီး ရှင်းလင်းဖို့တောင် သိန်းရာနဲ့ချီ ကုန်ခဲ့တယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေကို ပြန်ဖြိုချ ရှင်းလင်းဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုမိန့်ကျဖို့ ခက်ခက်ခဲခဲ တောင်းခံခဲ့ရတယ်လို့ မန္တလေးက ငလျင်ကြောင့် နေအိမ်ထိခိုက်ခဲ့သူတွေက ဆိုကြပါတယ်။

ငလျင်ဟာ လူတန်းစားမျိုးစုံကို ထိခိုက်ခဲ့တာကြောင့် စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဒုက္ခရောက် နေကြရပြီး ပြန်လည်နလန်ထူဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ ငလျင်ဒဏ်သင့် ပြည်သူတွေက ပြောကြပါတယ်။

မန္တလေးမှာ ငလျင်ကြောင့် အဆောက်အအုံ​တွေ ပျက်စီးဆုံးရှုံးခဲ့သလို ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

မန္တလေးရဲ့ အထင်ကရ မဟာမုနိ ဘုရားကြီးက စောင်းတန်းတွေနဲ့ ဂန္ဓကုဋီတိုက်တွေ ပျက်စီးခဲ့ပြီး လက်ရှိအချိန် အထိ ပြုပြင်လို့ မပြီးသေးဘူးလို့ မန္တလေး ဒေသခံတစ်ဦးက ပြောပါတယ်။

“ချမ်းသာပါတယ် လှူဒါန်းမှုအများဆုံးပါဆိုတဲ့ မဟာမုနိဘုရားကြီးတောင် တစ်နှစ်အတွင်းမှာ ပြုပြင်ပြင်ဆင်မှု အလုံးစုံ မပြီးဘဲနဲ့ တန်းလန်းကြီးပေါ့နော် ဖြစ်နေတဲ့ အနေအထားမျိုးမှာ ရှေးဟောင်းအဆောက်အအုံတွေ ပြိုတဲ့အပေါ်မှာတော့ မြို့သားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒါတွေက နှမြောစရာတွေလေ။ ရှေးဟောင်းအမွေအနှစ်တွေ လုံးဝ ကုန်သွားတာပဲ။ မဟာမုနိဆို ဂန္ဓကုဋီတိုက်တွေ၊ နောက်ပြီးတော့ ရုပ်ပွား တော်ကြီးရဲ့ နောက်ကြောက ဒါတွေက ရှေးလက်ရာတွေအတိုင်းပေါ့။ လက်ရှိ ဂန္ဓကုဋီတိုက်ကြီးက မင်းတုန်းမင်း လက်ထက်မှာ ဆောက်ခဲ့တာလေ။ ဒါတွေက ကုန်ပြီလေ။ နှစ်ပေါင်း ၁၆၀ ကျော် ၁၇၀ သက်တမ်းရှိတဲ့ ရှေးဟောင်းလက်ရာတွေ အကုန် ကုန်သွားတာပဲ။”

ငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေကို လက်ရှိအချိန်အထိ ပြုပြင်နေဆဲ အခြေအနေကြောင့် စောင်းတန်းလေးခု စလုံးက ပိတ်ထားပြီး ဘုရားကြီးထဲကို မြောက်ဘက်မုခ် ၈၂ လမ်း ဗုဒ္ဓဝင်ပြခန်းရှိတဲ့ဘက်ကပဲ ဝင်ခွင့်ပြုထား တယ်လို့ ဆိုပါတယ်။

မန္တလေးတောင်ခြေမှာ ရှိတဲ့ စန္ဒမုနိဘုရားကတော့ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး ကုသိုလ်တော်ဘုရားလည်း ထိခိုက် ပျက်စီးမှုအချို့ ရှိခဲ့ပါတယ်။ စန္ဒမုနိဘုရားကို လက်ရှိအချိန်အထိ ပြုပြင်နေတယ်လို့ ပြောပါတယ်။

စစ်ကိုင်းမှာလည်း ဘုရားအချို့ ပြုပြင်ဖို့ ကျန်နေသေးတယ်လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ပြင်တာကတော့ အခု ဘုရားတွေ ဘာတွေ ပြန်ပြင်နေပြီ။ အချို့ဘုရားတွေဆို ထီးတော်တင်ပြီးသွားပြီ။ တချို့ဘုရားတွေကတော့ ပြန်လည် ပြုပြင်နေဆဲ။ ကောင်းမှုတော်ကတော့ ပြင်ပြီးသွားပြီ။ ထီးတော်လည်း တင်ပြီးသွားပြီပေါ့နော်။ ကောင်းမှုတော်ရယ်၊ ရတနာစေတီဆင်များရှင်ရယ် ထီးတော် ပြန်တင်ပြီးသွားပြီ။ ဆွမ်းဦးပုညရှင်ကတော့ ထီးတော်တင်ဖို့ အတွက်ကို သူတို့ ပြင်ဆင်နေကြတာပေါ့။ ဘုရားက ပြုပြင်နေဆဲ ရှိသေးတယ်။ ဥမင်ကိုးဆယ်ကတော့ လုံးဝဘာမှကို မရှိတော့ဘူး။ အခု တောင်ကတုံးပဲ ရှိတော့တာပေါ့။ သူတို့ အစိုးရက ပြန်လုပ်နိုင်မယ် ထင်ပါတယ်။”

ငလျင်လှုပ်တဲ့နေ့က စစ်ကိုင်းမြို့ထဲက အဆောက်အအုံနဲ့ လမ်းတံတား အများစု ထိခိုက်ခဲ့ပြီး လူငါးရာထက် မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးကို ကူညီထောက်ပံ့မှု အများစုဟာ နောက်ပိုင်းမှ ရောက်ရှိလာတာကြောင့် ဒီအပေါ်မှာ သက်ဆိုင်ရာ အာဏာပိုင်အချို့ရဲ့ အကျိုးအမြတ်ရှာတာတွေ၊ မသမာမှုတွေ ရှိခဲ့တယ်လို့ ပြောကြပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျက်စီးမှုတင်မကဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရား ပျက်စီးမှုနဲ့အတူ အကျင့်ပျက်ခြစားမှုတွေပါ တွေ့ရတယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တချို့က တစ်ထပ်ပြိုပြီးတော့ နှစ်ထပ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်း စာရင်းပြပြီးတော့ ငွေကြေးတွေ လိမ်လည်ယူကြတယ်။ ပစ္စည်းတွေ ထုတ်ကြတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့လိမ်လည် ပြထားတဲ့အတွက် ရလာတဲ့ ထောက်ပံ့ကြေးရဲ့ သုံးဆယ်ရာခိုင်နှုန်းကို သူတို့ပေးရမယ်။ ဆယ်သိန်းပေးရမယ်။ ငါးသိန်းပေးရမယ် စသဖြင့် အသံတွေကလည်း ကျွန်တော်တို့ အခုအချိန်အထိကို မတည်ငြိမ်သေးပါဘူး။ အဲတော့ ဘာပဲပြောပြော လူတွေကတော့ အခုအချိန်မှာ အထိုက်အလျောက်တော့ လုံလုံခြုံခြုံ အိုးနဲ့အိမ်နဲ့ တည်တည်တံ့တံ့ နေနိုင်တဲ့ အခြေအနေတော့ ရောက်သွားပြီ။ စားဝတ်နေရေးလည်း ဟိုကလှူ ဒီကလှူ ဟိုကပေး ဒီကထောက်ပံ့နဲ့ အတော်လေး အခြေအနေကတော့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားပါပြီ။ ဒါပေမဲ့ ငလျင်နဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ကြေး ကူညီပံ့ပိုးမှုပစ္စည်းတွေ ဂယက်ကတော့ အခုအချိန်အထိ မငြိမ်သေးပါဘူးဗျာ။”

အာဏာပိုင် အဖွဲ့အစည်းတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး အကျိုးစီးပွား ရှာကြတာတွေ ရှိနေဆဲဖြစ်ပြီး ငလျင်နဲ့အတူ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားတွေ ပါကုန်တယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က ငလျင်ကြီးတစ်နှစ်ပြည့် အခမ်းအနားကို ကျင်းပပြီး ကွယ်လွန်ခဲ့သူတွေကို အမျှအတန်းပေးဝေကာ ငလျင်မှာ ကူညီလုပ်ဆောင်ခဲ့တဲ့ အသင်းအဖွဲ့တွေကို ဂုဏ်ပြုသွားမယ်လို့ မတ်လ ၂၀ ရက်နေ့ ပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်းမှာ ယဉ်ကျေးမှုအမွေအနှစ် နယ်မြေ ဆယ်ခုထဲက ရှေးဟောင်းအဆောက်အအုံပေါင်း (၂,၅၆၂) ခုရှိတဲ့အထဲက ငလျင်ကြောင့် (၁,၅၂၈) ခု ထိခိုက်ပျက်စီးခဲ့တာကြောင့် ၆၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကော်မရှင်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။