အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲက တစ်ဆင့် ပေါ်လာတဲ့ ပြည်သူ့လွှတ်တော်မှာ မတ်လ ၃၀ ရက်နေ့က ဒုသမ္မတအဖြစ် စစ်တပ် ကျောထောက် နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ (USDP) ကိုယ်စားလှယ်များက အမည်စ ာရင်း တင်သွင်းခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အပြင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီရဲ့ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေကိုလည်း ဒုသမ္မတ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒီနှစ်ဦးထဲက မဲအများဆုံးရသူက ဒုသမ္မတ ဖြစ်လာပါမယ်။
အမျိုးသားလွှတ်တော်အစုအဖွဲ့ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ကရင်ပြည်နယ်ဥက္ကဌ နန်းနီနီအေးနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာ တို့ကို စာရင်းတင်သွင်းထား ပါတယ်။ ဒီနှစ်ဦးထဲကလည်း မဲအများဆုံးရသူတစ်ဦး ဒုသမ္မတ ဖြစ်လာပါမယ်။
စစ်တပ်အစုအဖွဲ့ကတော့ လက်ရှိ စစ်ကော်မရှင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောကို ဒုသမ္မတအဖြစ် စာရင်းတင်သွင်းမယ်လို့ သတင်းထွက် နေပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်အစုအဖွဲ့တွေက ဒုသမ္မတ သုံးဦး ထွက်ပေါ် လာတဲ့အခါ အဲဒီအထဲက မဲအများဆုံးရသူက သမ္မတနဲ့ နောက်ထပ်နှစ်ဦးက မဲအနည်းအများပေါ် မူတည်ပြီး ဒုသမ္မ (၁) နဲ့ ဒုသမ္မတ (၂) ဖြစ်လာမှာပါ။
တချိန်တည်းမှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့ပါတယ်။
သမ္မတ တာဝန်ယူမဲ့သူဟာ နိုင်ငံ့ဝန်ထမ်းဖြစ်လို့မရဘဲ ၂၀၀၈ ဖွဲရစည်းပုံ အခြေခံဥပဒေအရ သမ္မတ ဒါမဟုတ် ဒုတိယ သမ္မတ ရွေးကောက်တင်မြှောက်ခံရတဲ့ နေ့ကစလို့ နိုင်ငံဝမ်ထမ်းကနေ အငြိမ်းစား ယူပြီး ဖြစ်ရမယ်လို့ ဖော်ပြထားတာကြောင့် သူ့ရဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ခဲ့တာပါ။
စစ်ကော်မရှင် လက်ခံကျင့်သုံးနေတဲ့ အခြေခံဥပရေအရနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေအတိုင်းလုပ်ပါဆိုတဲ့ စစ်ကော်မရှင်အပေါ် တိုက်တွန်းချက်တွေကြောင့် စစ်ခေါင်းဆောာင်ဟာ အာဏာကို ဆက်လက်ကိုင်စွဲ နိုင်မဲ့ သမ္မတရာထူးကို ရယူဖို့ ပြင်ဆင်လာတာလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကျင့်သုံးနေတဲ့ခြေခံဥပဒေ အရရော၊ တရုတ်ရဲ့ ဥပဒေနဲ့အညီ လုပ်ပါဆိုတဲ့ တရားဝင် လမ်းကြောင်း အရရောဆိုရင် သမ္မတရာထူးဟာ ဒီနိုင်ငံမှာ အဆင့်အမြင့်ဆုံး အာဏာကိုကျင့်သုံးနိုင်သူ ဖြစ်လို့ပါ။ သမ္မတဟာ ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးအကြီး အကဲဖြစ်သလို၊ မဏ္ဍိုင် ၃ ရပ်စလုံးရဲ့ထိပ်ဆုံးမှာ ရှိပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်ဖက်ကို သူ့ရဲ့သဘောထားမှတ်ချက်ပေးပြီး ထိန်းကျောင်းနိုင်သလို၊ တရားရေးမဏ္ဍိုင် မှာလည်း သူကရွေး ချယ်ခန့်အပ်ခွင့်နဲ့ ထိန်းကျောင်းခွင့်ရှိပါတယ်။ ဒီအတွက် ဒီနိုင်ငံမှာ အာဏာအရှိဆုံးနေရာကို ရယူလိုတာဘဲ ဖြစ်တယ်လို့ထင်ပါတယ်။ ယခင်အစိုးရကာလက အတိုင်ပင်ခံရာထူးနေရာကိုတော့ ခြေဥနဲ့ မညီဘူးလို့ သူတို့သတ်မှတ်ထားတာကြောင့် ခုသူတို့ဖွဲ့တဲ့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥက္ကဌ နေရာမှာနေဘို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အတွက်ကြောင့် ထင်ပါတယ်”
သမ္မတနဲ့ ဒုသမ္မတတွေရွေးချယ်ပြီးရင် ဧပြီလဆန်းမှာ အစိုးရဖွဲ့မယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။
ဒီအခြေအနေတွေကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ပြည်သူတွေ ရုန်းကန်ရဦးမယ်လို့ ရန်ကုန်းတိုင်း ဒလမဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက မှတ်ချက်ပြုပါတယ်။
“သမ္မတလောင်းအဖြစ် တင်သွင်းခံရတာကတော့ မထူးဆန်းပါဘူး။ “ကချင်လို့ ဇာတ်ထောင်”တာပဲ၊ အဲဒီသဘောတရားရှိပါတယ်။ လူအပြောင်းအလဲတွေမဖြစ်တော့ မူအပြောင်းအလဲတွေလည်း မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာ့နိုင်ငံရေးအခြေအနေမှာတော့ ပြည်သူတွေ စစ်အာဏာရှင်စနစ် ပြောင်းလဲဖို့ အတော်ကြီး ကြိုးပမ်းရပါဦးမယ်”
အာဏာသိမ်း စစ်ကော်မရှင်ကနေ အသွင်ပြောင်းထားတဲ့ အတုအယောင် လွှတ်တော်နဲ့ အတုအယောင် အစိုးရတို့ပဲ ထွက်ပေါ်လာမှာဖြစ်တာကြောင့် အသိအမှတ်မပြုကြောင်း အာသိမ်းမှုကို ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
