ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်သစ်ဖြစ်လာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အနားယူခဲ့ပြီး ဒုတပ်ချုပ် နေရာကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို လွှဲပြောင်းခဲ့။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ မတ်လ ၃၀ ရက်နေ့က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ အခမ်းအနားနဲ့ တကွ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း အနားယူခဲ့ပြီး ဒုတပ်ချုပ် နေရာအတွက် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲပြောင်းခဲ့ပါတယ်။

တပ်ချုပ်နဲ့ ဒုတပ်ချုပ်ပြီးရင် စစ်တပ်တစ်ခုလုံးရဲ့ နံပါတ် ၃ အဆင့် ရာထူးဖြစ်တဲ့ ကြည့်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်ခဲ့ပါတယ်။

တပ်ချုပ်ရာထူးအပြောင်းအလဲကို မတ်လ ၂၉ ရက်ည ၈ နာရီ သတင်းအပြီး ညပိုင်းမှာ မတ်လ ၃၀ ရက်နေ့က စလို့ တပ်ချုပ်အဖြစ် ရဲဝင်းဦး ဒုတပ်ချုပ်အဖြစ် ကျော်စွားလင်းတို့က တာဝန်ထမ်း ဆောင်မယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြိုတင် ကြေညာခဲ့ပါတယ်။

တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းပွဲမှာ နေပြည်တော် မြနန်းဘုံသာလမ်း ခြံအမှတ်-၃၃ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးချိန် ဦးဆောင်ခဲ့သူလို့လည်း စစ်တပ် CDM အရာရှိတွေက ပြောပါတယ်။

သူဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး၊ စစ်ကော်မရှင် အတွင်းရေးမှူးနဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွဲဖက်အမှုဆောင်ချုပ် စတဲ့ အာဏာသိမ်း စစ်ကော်မရှင်အတွက် အရေးကြီးတဲ့ ရာထူးတွေ ခန့်အပ်ခံရသူဖြစ်ပါတယ်။

လက်ရှိမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်တစ်ခုလုံးကို လွှဲပေးလိုက်ရမှာဖြစ်လို့ သူယုံကြည် စိတ်ချရတဲ့သူကို တပ်ချုပ်အဖြစ် ခန့်အပ်ခဲ့တာလို့ စစ်ဘက်နဲ့ လုံခြုံရေးရာ သုတေသနအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက RFA ကို ပြောပါတယ်။

“စစ်ခေါင်းဆောင်က သူတပ်ကိုထားခဲ့ရပြီးတော့ သမ္မတရာထူးကို ရယူဖို့ကြိုးစားပြီး တပ်ကို လွှဲပေးရ တဲ့နေရာမှာ သူစိတ်ချလက်ချ နောက်ကျောလုံလုံ ထားပေးချင်တဲ့အနေအထားကို တွေ့ရတယ်။ တကယ့်ကို သူယုံကြည်စိတ်ချရတဲ့ သူ့စကားအတိုင်း လိုလားချက်တွေအတိုင်း တသွေမတိမ်း အကောင် အထည် ဖော်ပေးနိုင်မဲ့သူ တပည့်ရင်း သစ္စာခံကျိုးနွံ့သူကို ရွေးချယ်တာဖြစ်တဲ့အတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ဒီနေ့ တပ်ချုပ်နေရာအထိ လက်ခံရယူခဲ့တာလို့မြင်တယ်”

တပ်ချုပ်အသစ်ဟာ သဘောထားတင်းမာသူ၊ အမိန့်နာခံသူဖြစ်ပြီး စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ မျှော်လင့်စရာမရှိဘူးလို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့ တိုက်စွမ်းအားရှိတဲ့ ခေတ်မှီစစ်တပ်ဖြစ်ရေး၊ ၂၀၀၈ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် အသစ်ပေါ်လာမဲ့ အစိုးရနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ လမ်းကြောင်းဆက်သွားနိုင်ရေး ကိစ္စရပ်တွေကို ဆောင်ရွက်မယ်လို့ တပ်ချုပ် တာဝန်လွှဲ ပြောင်းရယူတဲ့ အခမ်းအနားမှာ ပြောပါတယ်။

တပ်ချုပ်ရာထူးက အနားယူသွားတဲ့ ၆၉ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ကစလို့ လက်ရှိအချိန် အထိ ၁၅ နှစ်အကြာ စစ်ခေါင်းဆောင်ရာထူးကို ရယူခဲ့တာပါ။ သူဟာ အသက် ၆၀ ပြည့်ဖို့ နီးကပ်လာချိန် ၂၀၁၄ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ထမ်းဆောင်နိုင်တဲ့ အသက်ကို ၆၅ နှစ်အထိ တိုးမြှင့်ခဲ့ပါတယ်။

အာဏာသိမ်းပြီး သုံးရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ ကာကွယ်ရေးဌကောင်စီ ၁/၂၀၂၁ ညွှန်ကြားလွှာ နဲ့ တပ်ချုပ်ရဲ့ အသက်ကန့်သတ်ချက်ကို ထပ်မံပယ်ဖျက်ပြီး အသက် ၆၅ နှစ်ပြည့်ပေမဲ့ ဒီရာထူးကိုပဲ ဆက်လက်ရယူခဲ့တာ ဖြစ်ပါတယ်။

အခုတက်လာတဲ့ တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အသက် ၆၀ အရွယ်ရှိနေပြီး စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲကဆင့် ပေါ်လာမဲ့ အစိုးရအဖွဲ့နဲ့ လက်တွဲလုပ်ဆောင်ရဖို့ ရှိနေပါတယ်။