ပေါက်မှာ စစ်ကြောင်းကြောင့် ဒေသခံ ၁၇၀၀၀ ခန့် စစ်ဘေးရှောင်နေရ

ပြည်သူ့စစ်အားကောင်းတဲ့ ရွာတွေကို ရိက္ခာပို့ဖို့ စစ်ကြောင်း ထိုးချိန် လက်နက်ကြီး၊ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် တိမ်းရှာင်နေကြရဟုဆို။

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေလို့ ၁၄ ရွာခန့်က ဒေသခံ ၁၇၀၀၀ ခန့် ဘေးလွတ်ရာရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ပေါက်မြို့နယ်အခြေစိုက် စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက မတ်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။

ကားအစီးရေ ၃၄ စီး၊ စစ်ကော်မရှင်တပ်သားနဲ့ လက်အောက်ခံ ပြည်သူ့စစ် အင်အား ၃၀၀ ခန့်ပါတဲ့ ယာဉ်တန်း က ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ပြည်သူ့စစ်အားကောင်းတဲ့ ရွာတွေကို ရိက္ခာပို့ဖို့ အတွက် စစ်ကြောင်း ထိုးလာချိန် လက်နက်ကြီး ပစ်ခတ်နယ်မြေရှင်းတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ တွေကြောင့် တိမ်းရှာင်နေရတာလို့ ဆိုပါတယ်။

စစ်ကြောင်းဟာ မတ်လ ၂၉ ရက် ညနေပိုင်းမှာ သရဖီနဲ့ သီးခြောက်ရွာကြားကို ရောက်ရှိနေပြီး တိမ်းရှောင်ရတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေ တယ်လို့ ပေါက်မြို့နယ်က စစ်ဘေးဒုက္ခသည် အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ပြည်သူတွေရှိတဲ့ဘက်ကို ဒရုန်းတွေချတာ၊ လက်နက်ကြီးနဲ့ ပစ်တာမျိုးတွေကြောင့် ဒီရက်ပိုင်းမှာ ထိခိုက်တာတွေလည်းရှိနေတယ်။ လက်နက်ကြီးထိတာမျိုးတွေပေါ့နော်။ ကူညီထောက်ပံ့ မှု အခြေအနေတွေကတော့ လောင်စာဆီစျေးနှုန်းတွေမြင့်တက်ပြီး ကုန်စျေးနှုန်းတွေ၊ ကုန်ပို့ရတဲ့စ ားရိတ် တွေ အဆမတန်မြင့်တက်နေတော့ ပြည်သူတွေမှာ စားနပ်ရိက္ခာပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေ တယ်။ အဲဒါကြောင့် ပြည်တွင်း၊ ပြည်ပမှာ ရောက်နေတဲ့ မိမိရပ်ရွာကလူတွေအနေနဲ့ ဒေသခေါင်းဆောင်တွေ ရပ်ရွာခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး ဒေသခံတွေဆီ တိုက်ရိုက်အကူညီတွေ ပေးစေချင်ပါတယ်”

စစ်ကြောင်းကြောင့် ဒေါသာ၊ တောင်ချို၊ သပွတ်စု၊ သရက်လေးပင်၊ မြေခြား၊ လယ်လမ်း၊ သရဖီ၊ ရွာသာအေး၊ သီးခြောက် စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကြောင်းကို ဟန့်တား တိုက်ခိုက် တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေး ပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂ ၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ အထိ စာရင်းတွေအရ စစ်ရေးရေးပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ ဒသမ ၆ သန်းကျော်အထိ ရှိနေပါတယ်။