စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်မှာ ဆိုးဆိုးရွားရွား ခိုက်ပျက်စီးခဲ့ပေမဲ့ တစ်နှစ်ပြည့်တဲ့အထိ ပြန်လည်ထူ ထောင်ရေး အပြည့်အ၀မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ CDM ဝန်ထမ်းတစ်ချို့က မတ်လ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ငလျင်ဒဏ်ခံထားရတဲ့ ဝန်ထမ်းအိမ်ရာအဆောက်အုံတွေ ဒီတစ်နှစ်အတွင်း ဖြိုဖျက်တာအပြင် အသစ်ပြန်တည် ဆောက်တာတွေလည်းမပြီးသေးတဲ့အတွက်ကြောင့် တချို့ဝန်ထမ်းတွေဟာ ယာယီတဲတွေ၊ ကွန်တိန်နာ ယာယီ အိမ်တွေထဲမှာ ဒီနေ့အထိ နေနေကြရတယ်လို့ ဝန်ထမ်းတချို့က ပြောပါတယ်။
ပျက်စီးသွားတဲ့ဝန်ကြီးဌာနအဆောက်အအုံတွေလည်း ပြင်လို့ မပြီးသေးတဲ့အတွက် ယာယီရုံးခန်းတွေမှာ အလုပ် လုပ်နေတာတွေ့ရတယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ ဝန်ထမ်း တစ်ယောက်က RFA ကို ပြောပါတယ်။
“ပြင်ရင်တောင်မှ တော်တော်အကြီးစားပြင်ရမဲ့ အနေအထားဖြစ်တော့ ဒီအပေါ် မပြင်နိုင်သေးတာပေါ့။ ဒီအတွက် အဲဒီရုံးတွေပေါ် တက်ပြီးအလုပ်လုပ်ဖို့ဆိုတာ စိတ်မဝင့်ရဲကြပေါ့။ ပစ္စည်းအဟောင်းတွေထားတဲ့ ဂိုဒေါင်အဟောင်းတွေ ရှိတယ်။ စာရွက်စာတမ်းထားတဲ့ ဂိုဒေါင်ဟောင်းတွေ၊ အဲဒီလို မြေကြီးပေါ်မှာ တစ်ထပ်ပဲ ဆောက်ထားတဲ့ အဆောက်အအုံတွေအပေါ်မှာပဲ ယာယီရုံးခန်းတွေဖွင့်ပြီးတော့ လက်ရှိလုပ်လုပ်နေကြတာကို တွေ့ရတယ်ဗျ”
ငလျင်ကြောင့် နံရံတွေအက်ကြောင်းထသွားတဲ့ ဝန်ထမ်းအိမ်ရာအဆောက်အအုံတွေကိုတွေကို စစ်ကော်မရှင်က ပြင်ပြီး နေခိုင်းပေမဲ့ အဆောက်အုံခိုင်ခန့်ရဲ့လားဆိုတာမသေချာတာရော၊ ငလျင်လှုပ်တုန်းကကြုံခဲ့ရတဲ့ စိတ်ဒဏ် ရာတွေကြောင့်ပါ ပြန်မနေရဲတဲ့သူတွေရှိပါတယ်။ ဒါကြောင့် အပြင်မှာအိမ်ငှားနေကြတာ၊ ဒါမှမဟုတ် မိသားစုတွေက ကိုယ့်ဇာတိကိုယ်ပြန်နေကြပြီး၊ နေပြည်တော်မှာ ရုံးတက်ရမဲ့ဝန်ထမ်းတစ်ယောက်ပဲဖြစ်သလိုနေခဲ့တာ မျိုးတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
စစ်ကော်မရှင်ဟာ လွှတ်တော်အဆောက်အအုံနဲ့ သမ္မတအိမ်တော်ကိုအင်တိုက်အားတိုက်ပြင်ဆင်ခဲ့ပေမဲ့ တခြား အခြေခံအဆောက်အဦတွေပြင်ဖို့ နှောင့်နှေးနေတယ်လို့လည်း ဆိုပါတယ်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးရတာကို လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့ ဝန်ထမ်းအိမ်ယာ ၄၂၆ လုံးထဲက အလုံး ၆၀ ပဲ ပြီးစီးသေးတယ်လို့ စစ်ကော်မရှင်ရဲ့ အဆောက် အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီရဲ့ စာရင်းမှာတွေ့ရပါတယ်။
ထိခိုက်ပျက်စီးမှု အနီရောင့်အဆင့်ရှိတဲ့ဝန်ထမ်းအိမ်ရာတွေ ပြန်ဆောက်ဖို့အတွက် လက်ရှိဘဏ္ဍာနှစ်မှာ ၃၀ ခိုင်နှုန်းပြီးအောင်ဆောင်ရွက်မှာဖြစ်ပြီး လာမဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာတော့ ကျန်တဲ့ ၇၀ ရခိုင်နှုန်း ပြီးအောာင် ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်ဘက်က ပြောထားပါတယ်။
ဝန်ထမ်းအိမ်ရာတွေအပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ စျေး၊ စာသင်ကျောင်းနဲ့၊ ဌာနဆိုင်ရာ ရုံးလိုမျိုး အခြေခံ အဆောက်တွေလည်း ဒီနေ့အထိ ပြန်ပြီးတာမျိုး မရှိသေးဘူးလို့ မြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။
“တအားကြီး ပြန်ဆောက်တာတွေ သိပ်မလုပ်နိုင်သေးပါဘူး။ စာသင်ကျောင်းအုတ်နံရံတွေပြိုတာ အခုထိ မလုပ်ရသေးဘူးလေ။ ပျဉ်းမနားစျေးလည်းအပျက်ဟာအပျက်အတိုင်းပဲလေ။ မလုပ်နိုင်သေးဘူး ဘာမှမလုပ်ရသေးဘူး။ ပြီးတော့ ထောက်ပံ့မှုတွေကျတော့လည်းအများကြီးမရဘူးလေ”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ရေတို၊ ရေရှည် ချမှတ်ဆောင်ရွက်နေပြီး မူလအခြေအနေထက်ပိုကောင်းတဲ့ ပြည်လည်ထူထောင်တာမျိုးဖြစ်ဖို့နဲ့ တစ်ယောက်မှ မကျန်အောင်ဆောင်ရွက်နေတယ်လို့ မတ်လ ၂၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ငလျင်တစ်နှစ်ပြည့် အခမ်းအနားမှာပြောပါတယ်။
ဒါပေမဲ့ အောက်ခြေမှာ ငလျင်ဒဏ်သင့်ပြည်သူတွေ အထောက်အပံ့အပြည့်အ၀မရတဲ့အတွက် ပြန်လည် ထူထောင်ရေး အလှမ်းဝေးဦးမယ်လို့ ငလျင်ဒဏ်သင့် ပြည်သူတစ်ယောက်က ပြောပါတယ်။
“သူတို့နဲ့ဆက်စပ်ပြီးတော့ပိုင်တဲ့လူလောက်ပဲ သူတို့ကနစ်နာကြေးပေးတာ တချို့ဆို မရတဲ့သူတွေအများကြီး၊ တချို့ကျတော့လည်း ရကြတာအများကြီး အဲဒီလိုတွေ၊ ငွေပိုငွေလျှံ ပိုက်ဆံမရှိတဲ့သူအတွက်ကတော့ကြာဦးမှာပဲ။ ဘာလို့လဲဆိုတော့ အစိုးရကမှ ထောာက်ပံ့မှုမပေးလို့ရှိရင် လုပ်စရာတချို့ကတကယ်မရှိကြဘူးလေ”
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ရစ်(ခ်)ချက်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်၊ စစ်ကိုင်းနဲ့ မန္တလေးမြို့တွေ အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ လူပေါင်း လူပေါင်း ၃၈၀၀ ကျော် သေဆုံးပြီး အခြေခံအဆောက် အအုံ သောင်းနဲ့ချီ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။
