ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းမြေငလျင်ကြောင့် အိမ်နဲ့ အဆောက်အအုံ ၂,၀၀၀ ကျော် ( ၂,၂၉၇ လုံး) ပျက်စီးခဲ့တယ်လို့ အင်းလေးအခြေစိုက် ဒေသခံပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။
အိမ်အများဆုံး ပျက်စီးခဲ့တဲ့ ကျေးရွာတွေထဲမှာ အင်းခြံ ကေလာကျေးရွာက အိမ် ၈၂၈ လုံး နန်းပန်ရွာ အိမ် ၄၃၀ ၊ နဲ့ နန်းသဲရွာ ၃၉၄ ၊ မင်းချောင်းရွာ ၂၁၇ ၊ သလဲဦးရွာ ၁၅၃ ၊ မိုင်းသောက် အိမ် ၁၀၅ လုံးနဲ့ အင်းပေါခုံ အိမ် ၆၅ လုံး ပျက်စီးခဲ့ပါတယ် ။
အဲဒီ ငလျင်ကြောင့် လူ ၅၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကလည်း ၅၀ ကျော် ရှိခဲ့တာပါ။
ဒါ့အပြင် မိလ္လာနဲ့ သန့်ရှင်းရေးစနစ်တွေ ပျက်စီးခဲ့ပြီး အညစ်အကြေးတွေ ကန်ထဲကို စီးဝင်နေတဲ့ အတွက် ကျန်းမာရေးအန္တရာယ်တွေ ပိုမိုမြင့်တက်လာနေတယ်လို့ အင်းလေးဒေသခံတွေက RFA ကိုပြောပါတယ်။
ငလျင်ဖြစ်ပွားခဲ့တာ တစ်နှစ်ပြည့်လာပြီဖြစ်ပေမယ့် အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မပြီးသေးသလို စစ်ကောင်စီရဲ့ နိုင်ငံတကာအလှူခံရရှိငွေ
တွေ သဘာဝဘေးအန္တရာယ်အတွက် ပြန်လည်မျှဝေတဲ့နေရာမှာလည်း ဘက်လိုက်မှုတွေ အများကြီး တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အင်းသူ တစ်ဦးက RFA ကို ပြောပါတယ် ။
“ငလျင်ကြောင့် အင်းလေးကန်ထဲကအိမ်တွေ နေမရအောင် ပျက်စီးခဲ့ပေမယ့် စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေကတော့ အိမ်မပျက်လည်း ပျက်စီးစာရင်းထဲ ထည့်နိုင်ကြလို့ နိုင်ငံတကာက ကူညီငွေတွေ ရခဲ့ကြတယ် ၊ တကယ်ပျက်တဲ့သူတိုင်း မရခဲ့ကြဘူးလေ၊ ရသင့်တဲ့သူတွေကလည်း သူတို့နဲ့ နီးစပ်တဲ့သူတွေရဲ့ နောက်မှပဲ ရကြတယ်၊ ဒီကြားထဲမှာ ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီပံ့ပိုးမှုတွေရှိခဲ့လို့သာ အသက်ရှင်ခဲ့ရတာပါ"
ငလျင်ဒဏ်၊ရေဘေးဒဏ်တွေကြောင့် အင်းလေးကန်ကန်ထဲကစိုက်ပျိုးရေးခြံတွေ ပျက်စီးခဲ့ရသလို ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက်လည်း ငွေကြေးအရင်းနှီးတွေ လိုအပ်နေတာကြောင့် အများစုက ငလျင်တစ်နှစ်ပြည့်တဲ့အချိန်အထိ မစိုက်ပျိုးနိုင်ကြသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ငလျင်ကြောင့်ဒုက္ခရောက်ခဲ့သူတွေအားလုံး ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်သေးလသို ငလျင်ဖြစ်စက လိုအပ်ချက်အရ အရေးပေါ်အမြန်ဆောက်လုပ်ခဲ့တဲ့ အိမ်တွေကလည်း ပိုးတွေ ထိုးနေတာကြောင့် ပြန်လဲဖို့ လိုအပ်နေတဲ့အိမ်တွေလည်း ရှိနေတယ်လို့ အင်းလေးဒေသခံတစ်ဦးက RFA. ကိုပြောပါတယ်။
“ငလျင်စဖြစ်ကာစက အရေးအပေါ်အနေနဲ့ ပထမတော့ ဝါးအိမ်တွေဆောက်ဖို့ ပေးလိုက်တဲ့ ဟာတွေ ပေါ့၊ ဝါးတွေက စီမံချက်တွေအနေနဲ့ဆောက်ရတယ်၊ အဲဒီမှာ ဝါးတွေက ရတဲ့ဟာနဲ့ ဝယ်ပြီး ဆောက်လိုက်ရတဲ့အခါကျတော့ သက်တမ်းမရင့်တဲ့ဝါးတွေကိုသုံးလိုက်ရတယ်။တချို့အိမ်တွေဆို တော်တော်များများ ဝါးတွေက ပြန်ပြီး ပိုးထိုးနေတဲ့အခါကြတော့ အဲဒါတွေဆိုရင် တစ်နှစ်ပြည့် ပြန်လဲဖို့ လိုအပ်တာတွေလည်းရှိတယ်။“
စစ်အာဏာပိုင်တွေဆီကတဆင့် နိုင်ငံတကာရဲ့ ကူညီမှုတွေ ပေးတာပဲ မျှော်နေရရင် အင်းလေးကန် ထဲက ပြည်သူတွေ ပြန်လည်ထူထောင်နိုင်မယ့်လမ်းမမြင်ဘူးလို့လည်း အင်းလေးငလျင် ဒုက္ခအရေး ကူညီဆောင်ရွက်ပေးသူတွေက RFA ကိုပြောပါတယ်။
ငလျင်ဖြစ်ပြီးနောက်ပိုင်း အင်းလေးဒေသအတွင်း လူမှုကူညီရေးလုပ်ငန်းတွေကို ငလျင်အကြောင်း ပြချက်နဲ့ ဝင်ရောက်လာတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေအနေနဲ့လည်း ငလျင်တစ်နှစ် ပြည့်မှာ ထိထိရောက်ရောက် လုပ်ပေးစေချင်တယ်လို့ အင်းလေးဒေသအရေး ကူညီဆောင်ရွက် ပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။
“အင်းလေးမှာ အိမ်သာ ကိုးရာလောက်ကျန်သေးတယ်။ NGO အနေနဲ့ပေးမှာလား၊ ကျေးရွာ ဖွံ့ဖြိုးရေးနဲ့သပ်သပ်ပေးမှာလား၊ မသဲကွဲဘူးဖြစ်နေတယ်ဗျာ အကုန်လုံးက ၊ ရှိသမျှ NGO. က ငလျင်ကို အကြောင်းပြပြီး ဝင်လာပြီး ထိထိရောက်ရောက် လုပ်စေချင်တယ်။ အဲဒါတော့ ထိထိရောက်ရောက်လုပ်ပေး၊တစ်နှစ်ပြည့်မှာ”
ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်က စစ်ကောင်စီ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အင်းလေးဒေသခံတွေဟာ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ရေဘေးဒဏ်ကို ခံထားရပြီး ပြန်လည်ထူထောင်ရေး မပြီးသေးခင်မှာပဲ ၆ လအကြာ ဒီငလျင်ဒဏ်ကို ထပ်ပြီး ခံကြရတာ ဖြစ်ပါတယ်။
ပျက်စီးသွားတဲ့ အိမ်အများစုမှာ ခြေတံရှည် ရိုးရာဝါးအိမ်များ ဖြစ်ပြီး တံတားတွေ၊ လျှပ်စစ်နဲ့ ရေပေးဝေရေးစနစ်တွေအပြင် သန့်ရှင်းရေးစနစ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်ပြီး အင်းလေး ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါ တယ်။
