ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါတဲ့ ကွတ်ခိုင်မြို့ကို တအာင်းတပ်ဖွဲ့ (TNLA) ဆီကနေ ကိုးကန့်တပ်ဖွဲ့ (MNDAA) က တိုက်ခိုက်သိမ်းပိုက်လိုက်သလို လားရှိုး-မူဆယ် လမ်းတစ်လျှောက်မှာရှိတဲ့ တခြားတိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေလည်း မတ်လတတိယပတ်ထဲမှာပဲ ဖယ်ရှားပေးလိုက်ရပါတယ်။
ဒါကြောင့် တရုတ်နယ်စပ် ကျင်စန်းကျော့-မူဆယ်-လားရှိုးလမ်းပိုင်းဟာ ကိုးကန့်တစ်ဖွဲ့တည်းလက်အောက်ရောက်သွားပြီး စစ်တပ်ထိန်းချုပ်ထားတဲ့သီပေါအမြို့အဝင်ထိ ကုန်သွယ်ရေးလမ်းပွင့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။
ဒါပေမဲ့ သီပေါမြို့အဝင်မှာ တရုတ်နိုင်ငံဘက်ကတင်သွင်းလာတဲ့ ကုန်စည်တွေကို တရား မဝင်ကုန်ပစ္စည်းဆိုပြီး စစ်ကော်မရှင်တပ်ကဖမ်းဆီးနေတာကြောင့် ပြည်မအထိကုန်သွယ်ရေးလမ်းကြောင်းမပွင့်သေးဘူးလို့ ကွတ်ခိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကုန်သွယ်ရေးအခြေအနေကကောင်းပါတယ်။ လောလောဆယ်သွားလာတော့ သွားလာနေတယ်။ စကစ ဘက်ကတော့ သူတို့ပိုင်တဲ့အပိုင်းဘက်ကိုတော့ ဖမ်းဆီးတာမျိုးတွေ၊ လားရှိုးအောက်ဘက်ကသီပေါတို့ ကျောက်မဲတို့ နောင်ချိုတို့ဘက်တွေတော့ ပိတ်ဆို့ထားတာမျိုး ရှိတယ်လေ၊ စကစဘက်က”
ကျောက်ဖြူ-ကူမင်း မီးရထားလမ်းပိုင်းမှာပါဝင်တဲ့ မူဆယ်-မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း မေလမှာပြန်စနိုင်ဖို့ ပြင်ဆင်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကကတော့ ဒီကုန်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ရယ် BRI လမ်းစီမံကိန်းပေါ့နော်။ ကျွန်တော်တို့သိရသလောက် BRI လမ်းစီမံကိန်း၊ ရထားလမ်းစီမံကိန်းကတောာ့ မေလမှာ စီမံကိန်းစမယ်လို့ ကြားရတယ်။ အဲဒါကြောင့်လည်း ဒီထိုးစစ်ကြီးဖြစ်လာတယ်လို့ ကျွန်တော်တို့ ယူဆတယ်”
စစ်ကော်မရှင် ဒုတိယဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးအကောင်အထည်ဖော်နေတယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာကျင်းပတဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားမှာပြောခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းကိုယ်တိုင်လည်း မတ်လ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံကိုလာရောက်ပြီး ပူးပေါင်းဆောင် ရွက်မှုတွေအရှိန်မြှင့်ဖို့၊ နယ်စပ်ဒေသတစ်လျှောက်တည်ငြိမ်မှုရရေးဆောင်ရွက်ဖို့ စစ်ကော်မရှင်နဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် တရုတ်ရဲ့ဖိအားကို စစ်တပ်ရော တော်လှန်ရေးအဖွဲ့တွေပါကြုံနေရတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက RFA ကို ပြောပါတယ်။
“အဲဒီလမ်းဖြစ်မြောက်ရေးဟာ သူတို့ရဲ့ အဓိကဗျူဟာဖြစ်တာကိုး။ အဲဒီတော့ တရုတ်က နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုလည်းဆွေးနွေးတယ်။ ပြီးတော့ စစ်ကောင်စီကိုလည်းဆွေးနွေးတယ်။ ဒါကြောင့်မို့လို့ အပြန်အလှန်ဆွေးနွေးမှုတွေအောက်မှာ တရုတ်ရဲ့ အကြံပေးတာတွေ၊ ပြောရင်တော့ ဖိအားပေးမှုတွေပေါ့ဗျာ။ ဒါနှစ်ဘက်လုံးကရင်ဆိုင်လာရမယ်”
ကိုးကန့်တပ်ဖွဲ့ (MNDAA) ကတော့ ကွတ်ခိုင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်တာဟာ တရုတ်နိုင်ငံရဲ့ဖိအားမပါဘူးလို့ ကွတ်ခိုင်မြို့နယ်ကဒေသခံတွေနဲ့ ဒီရက်ပိုင်းတွေ့ဆုံပွဲတွေမှာ ထည့်သွင်းပြောဆိုခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
