ဘုတလင်က ဆေးခန်း လေယာဉ်နဲ့ ဗုံးကြဲခံရလို့ သုံးဦးထက်မနည်း သေဆုံး

ငပုရင်းရွာမှာရှိနေတဲ့ ဆေးခန်းကို စစ်ကော်မရှင်လေတပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ ခြောက်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဟုဆို။

စစ်ကိုင်းတိုင်း၊ ဘုတလင်က ကျေးရွာဆေးခန်းတစ်ခုကို မတ်လ ၃၀ ရက်နေ့၊ နေ့လယ် တစ်နာရီခန့်မှာ စစ်ကော်မရှင်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သုံးဦးခန့် သေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘုတလင်မြောက်ခြမ်း၊ ငပုရင်းရွာမှာရှိနေတဲ့ ဆေးခန်းကို စစ်ကော်မရှင်က ဂျက်တိုက်လေယာဥ်တွေနဲ့ ခြောက်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆေးရုံဆေးခန်းကို လေယာဉ်နဲ့ လာကြဲသွားတယ်။ သုံးယောက်သေတယ်။ ငါးယောက်ဒဏ်ရာ ရတယ် ပေါ့။ ဒီမှာ အားကိုးရတဲ့ ဆေးရုံပေါ့ဗျာ။ ကလေးမီးဖွားတာတို့၊ ခွဲစိတ်တာတို့ အဓိကထား လုပ်ပေးနေ တာ။ ကလေးမွေးဖွားဖို့ကို ဘုတလင်မြို့နယ်အပြင် အခြားမြို့နယ်တွေကပါ အားထားရတဲ့ ဆေးရုံ လေဗျာ။”

သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်ကာ ဆေးရုံတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တာကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုက တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က နေပြည်တော်မှာ စစ်ခေါင်းဆောင် အပြောင်းအလဲတွေ၊ သမ္မတအမည်စာရင်း တင်သွင်းနေတာတွေ လုပ်နေတဲ့ တစ်ချိန်တည်းမှာ အခုလို ဆေးရုံ၊ ဆေးခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝက ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ခြောက်ဦး သေဆုံးပြီး ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ​​ဒေသအ​ခြေစိုက် သတင်း​တွေမှာ ​ဖော်ပြထားပါတယ်။