စစ်ခေါင်းဆောင် အပါအဝင် ဒုသမ္မတသုံးဦးကို လွှတ်တော်သစ် ရွေးခြယ်တင်မြှောက်

အာဏာသိမ်းစစ်ခေါင်းဆောင်တွေ အခင်းအကျင်းပြောင်း အာဏာယူဖို့ ကြိုးပမ်းချက် ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးမူဝါဒ ပြောင်းလဲမှုမရှိနိုင်ဟုဆို။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကတဆင့် ခေါ်ယူထားတဲ့ လွှတ်တော်တွေရဲ့ အစုအဖွဲ့သုံးခုကနေ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ် ဒေါ်နန်းနီနီအေးတို့ကို ဒုသမ္မတတွေအဖြစ် မတ်လ ၃၁ ရက်နေ့မှာ တင်မြှောက်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ (တ.စ.ည) က ဒေါက်တာကျော်ဆွေတို့ နှစ်ဦးကို စာရင်းတင်သွင်းထားတာကြောင့် မဲခွဲဆုံးဖြတ်ချိန် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေရဲ့ မဲတွေနဲ့ စစ်ခေါင်းဆောင်က ဒုသမ္မတ ဖြစ်လာတာပါ။

အမျိုးသားလွှတ်အစုအဖွဲ့မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ ဒေါ်နန်းနီနီအေးက ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာကို မဲအသာနဲ့ အနိုင်ရပြီး ဒုသမ္မတ ဖြစ်လာပါတယ်။

စစ်တပ် အစုအဖွဲ့ကတော့ စစ်ကော်မရှင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောတစ်ဦးတည်းကိုပဲ ဒုသမ္မတ အဖြစ်ရွေးချယ်ခဲ့ပါတယ်။

ဒုသမ္မတ သုံးဦးကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး မဲအများဆုံးရသူက သမ္မတနဲ့ နောက်ထပ် နှစ်ဦးက မဲအနည်းအများပေါ် မူတည်ပြီး ဒုသမ္မ (၁) နဲ့ ဒုသမ္မတ (၂) ဖြစ်လာမှာပါ။

လွှတ်တော်နဲ့ အစိုးရအတွက် ရာထူးနေရာသစ်တွေမှာ ဗိုလ်ချုပ်ကြီးဟောင်းတွေကပဲ နေရာအများစုကို ပြန်ယူထားတာကြောင့် အာဏာရှင်စနစ်အတိုင်းပဲ ဆက်သွားလိမ့်မယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“တပ်ထဲမှာရော၊ အစိုးရ၊ လွှတ်တော်ဖက်မှာရော ရာထူးနေရာ အသစ်တွေ ပေါ်ပေမဲ့ နေရာသစ်မှာ ရာထူး ယူကြတဲ့ သူအများစုဟာ တပ်ထဲက ဗိုလ်ချုပ်ကြီးတွေကပဲ ၉၀ ရာခိုင်နှုန်း လောက် ဖြစ်နေတဲ့ အတွက် သူတို့ အရင်ဆုပ်ကိုင်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေ၊ ငြိမ်းချမ်းရေး အပေါ်ခံယူချက် တွေကတော့ ပြောင်းလဲသွားနိုင်မှုမရှိနိုင်ဘူးလို့ မြင်ပါတယ်။ အရင်ကတော့ စစ်တပ်က အာဏာထိမ်းပြီး ခြေဥအရသွားနေတယ်။ အခုကလည်း အဖွဲ့သစ်တွေပြန်ဖွဲ့ပြီး ခြေဥအရဘဲ လုပ်နေသွားနေကြတာမို့ ထူးခြားတဲ့ပြောင်းလဲမှုမျိုးတော့ ဖြစ်ပေါ်လာမယ်လို့မမြင်ဘဲ အရင်တိုင်း အထက်က အမိန့်အတိုင်း တစ်သွေး၊ တစ်သံ၊ တစ်မိန့် အာဏာရှင်ပုံစံအတိုင်း ဆက်သွားနေလိမ့်မယ်လို့ မြင်ပါတယ်”

သမ္မတနဲ့ ဒုသမ္မတနေရာတွေအပြင် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ နေရာတွေကို ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးနဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီ တို့က ရယူထားတာပါ။

ဒီအခြေအနေတွေဟာ စစ်ကော်မရှင်က ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲကနေ အတုအယောင် လွှတ်တော်နဲ့ အတုအယောင် အစိုးရတို့ပဲ ထွက်ပေါ်လာမှာ ဖြစ်တာကြောင့် အသိအမှတ်မပြုကြောင်း အာသိမ်းမှုကို ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။