အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တပ်ပေါင်းစုဖွဲ့

KIO၊ KNU၊CNF၊ KNPP အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်။

စစ်ကော်မရှင်က ဒုသမ္မတတွေ ရွေးချယ်တာနဲ့ စစ်တပ် ခေါင်းဆောင် အပြောင်းအလဲတွေ လုပ်နေ ချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ကို မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပူးပေါင်းဖွဲ့စည်းခဲ့တာပါ။

တော်လှန်ရေးအရှိန်မြှင့်ပြီး အမြန်ဆုံး အောင်ပွဲရနိုင်ဖို့၊ အသွင်းကူးပြောင်းရေး အစိုးရဖွဲ့နိုင်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူး ရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်း အကောင်အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

အခုလိုဖွဲ့စည်းတာဟာ စနစ်ကျတဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာတဲ့အထိ ရည်ရွယ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ မတ်လ ၃၀ ရက်နေ့က ကျင်းပတဲ့ SCEF ဖွဲ့စည်းခြင်း အခမ်းအနားမှာ ပြောပါတယ်။

“စစ်အရေးအရ ကျစ်လစ်သော မဟာမိတ်အင်အားစုကို အခြေခံပြီး၊ စနစ်ကျနတဲ့ ဖက်ဒရယ် တပ်မတော်ဆီကို ဦးတည်နေကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ မဟာမိတ် စစ်ရေး အင်အားစု အချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှုအပေါ်မှာ အခိုင်အမာ တည်ဆောက်ထား ပါတယ်။ ဒါတွေ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်အတွက် အလိုအပ်ဆုံးသော ပြည်နယ်ဒေသအားလုံး လွတ်မြောက်ရေးကို ဦးတည်တာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ ယှဉ်သော လူထုတော်လှန်ရေး နည်းနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ဖို့ ခြေလှမ်းသစ် စတင်လိုက်တာ ဖြစ်တယ်”

SCEF ဖွဲ့စည်းခြင်းအခမ်းအနားကို KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၊ KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ တော်လှန်ရေးအင်အားစု ခေါင်းဆောင်တချို့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

SCEF နိုင်ငံရေး ဦးတည်ချက်တွေထဲမှာ စစ်အာဏာသိမ်းမှု ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး အရပ်သားအစိုးရအောက်မှာ ထားရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းဖို့၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အခြေခံစည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲဖို့၊ အသစ်ပေါ်လာတဲ့ အခြေခံဥပဒေနဲ့ ပြည်ထောင်စုသစ်တည်ဆောက်ဖို့နဲ့ ပဋိပက္ခကာလအတွင်း ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ခေါင်းဆောင်သစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မှာ ဖြစ်သလို တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည် ရှိတဲ့ စစ်တပ်ဖြစ်အောင် တည်ဆောက်မယ်လို့ ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်း လက်ခံတဲ့ အခမ်းအနားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (PCB) ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့၊ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာ မတွေ မလုပ်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးကြိုးပမ်းဖို့ အချက်တွေ အပါအဝင် အချက် ၉ ချက်ကို မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။