ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က True Green City ကော်စေ့စက်ရုံက တရုတ်နိုင်ငံသားနည်းပညာရှင် (Technician) ကျဲကျဲ ဆိုတဲ့အမျိုးသမီးက စက်ရုံရဲ့ အလုပ်သမားသမဂ္ဂအတွင်းရေးမှူး မထက်ပြည့်ပြည့်လင်းကို ရိုက်နှက်ခဲ့တဲ့အတွက် ရွှေပြည်သာမြို့နယ်တရားရုံးမှာတရားစွဲထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မနက်က သူအလုပ်လုပ်နေတုန်းဖြစ်ခဲ့တဲ့အကြောင်းကို အရိုက်ခံရတဲ့ မထက်ပြည့်ပြည့်လင်း က RFA ကို ပြောပြပါတယ်။
“တရုတ်ဆရာမက ကျွန်မကိုနောက်ကနေ ရိုက်လိုက်တာ၊ ဘာနဲ့ရိုက်လိုက်တာလဲတော့ မသိဘူး၊ ဒါပေမဲ့ ဘေးနားက လူတွေကတော့ ကျွန်မကိုရိုက်လိုက်တာမြင်တယ်။ ပလက်စတစ်အထုတ်နဲ့ရိုက်လိုက်တာ ၊အဲဒီပလက်စတစ်အထုတ်ထဲမှာ မာကျောတဲ့အရာ ပုလင်းကွဲတို့၊သံချောင်းတို့ သားရေးကြိုး၊ပိုက်ကြိုးအဲဒါတွေပါတယ်။ အဲလိုမျိုးပြဿနာဖြစ်ပြီးတော့ နောက်ကျောနာသွားလို့ဆိုပြီး ဆေးခန်းသွားပြလိုက်တာ၊ ဆေးခန်းက ဆေးဆရာမက ကျောကုန်းယောင်နေတယ်လို့ပြောပြီး သောက်ဆေးတစ်ပတ်စာနဲ့လူးဆေးပေးလိုက်တယ်။ အဲဒီကအပြန် အလုပ်ဆက်မဆင်းနိုင်လို့ ဖူလုံရေးဆေးခန်းမှာ ခွင့်သွားယူတာ ဆရာဝန်ကသုံးရက်နားခွင့်ပေးလိုက်ပြီး နားခိုင်းလိုက်ပါတယ်”
ဒါကြောင့် ရွှေပြည်သာမြို့နယ်တရားရုံးက အမှုအမှတ် (ရာဇသတ်ကြီး- ၁၃၃/၂၆) နဲ့ လက်ခံခဲ့ပြီး မတ်လ ၁၂ ရက်နေ့ကစပြီး ကျူးလွန်တဲ့သူတွေအမှုရင်ဆိုင်နေရတယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ True Green City စက်ရုံကိုအကျိုးအကြောင်းမေးဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသလို စက်ရုံဘက်က တရားဝင်ထုတ်ပြန်တာလည်းမရှိသေးပါဘူး။
အလုပ်ရှင်တွေဘက်က ကိုယ်ထိလက်ရောက်ကျူးလွန်နေတာတွေဟာ အလုပ်ခန့်စာချုပ် (EC) နဲ့တည်ဆဲဥပဒေတွေကို ချိုးဖောက်နေတာဖြစ်သလို၊ သမဂ္ဂအဖွဲ့ဝင်တွေအပေါ် အဓိကဦးတည်ဖိနှိပ်နေတာကြောင့် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက RFA ကိုပြောပါတယ်။
“ကျွန်မတို့ပြီးခဲ့တဲ့လွှတ်တော်တွေမှာ တောက်လျှောက်တွန်းခဲ့တယ်။ အလုပ်သမားအခွင့်အရေးကိုကာကွယ်ပေးတဲ့ ဥပဒေ ပြဌာန်းပေးဖို့၊ အလုပ်သမားသမဂ္ဂဖွဲ့ခွင့်ရှိတယ်။ ဒါပေမဲ့ဖွဲ့လို့ဖြုတ်တာ ကာကွယ်မပေးနိုင်ဘူး။ အချိန်ပိုဆင်းခိုင်းရင် တိုင်လို့ရတယ်။ ဘာဖြစ်ရင် ညာဖြစ်ရင်တိုင်လို့ရတယ်။ ဟုတ်တယ်၊ တိုင်တဲ့သူကိုကာကွယ်မပေးနိုင်ဘူး။ ဒါကြောင့် အလုပ်သမားအခွင့်အရေးကိုကာကွယ်ပေးတဲ့ဥပဒေပြဌာန်းပေးဖို့ တစိုက်မက်မက်တောင်းဆိုခဲ့တယ်။ ဖြစ်မလာခဲ့တဲ့ အတွက်ကြောင့် ရပါတယ်ဆိုတဲ့ဥပဒေတွေအရတိုင်လို့ကို အလုပ်သမားတွေကအလုပ်ပြုတ်ကြတာ၊ အကာအကွယ်မရှိဘူးပေါ့နော်”
အလုပ်သမားတွေကိုကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားတဲ့ နိုင်ငံခြားသားအလုပ်ရှင်တွေကို အရေးယူလို့ရတဲ့ ဥပဒေရှိရဲ့လားဆိုပြီး အဲဒီစက်ရုံရဲ့အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲလင်းအောင်က မေးခွန်းထုတ်ပါတယ်။
“ထုတ်ပြန်ထားတဲ့ဥပဒေတွေအတိုင်း ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အလုပ်သမားတွေ အားလုံးကနေပြီးတော့ ဒီဥပဒေအတိုင်း နေတယ်။ ဥပဒေအတိုင်း အလုပ်လုပ်ကြတယ်။ ဒါကို နိုင်ငံတကာကနေ လာ ရင်းနှီးမြှုပ်နှံပေးတဲ့လုပ်ငန်းရှင်တွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့လာလို့ ကျွန်တော်တို့ အလုပ်ရတယ်။ ဒါပေမဲ့ နိုင်ငတကာကနေလာပြီးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းရှင်တွေက ကျွန်တော်တို့နိုင်ငံကဥပဒေတွေကို လိုက်နာမှုမရှိဘဲနဲ့ အလုပ်သမားတွေကို ဖိနှိပ်စော်ကားတာတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားတွေကြတော့ ကျွန်တော်တို့ဘယ်လိုဥပဒေမျိုးနဲ့ဆောင်ရွက်လို့ရသလဲဆိုတာ သိချင်ပါ တယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
True Green City ကော်စေ့စက်ရုံဟာ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ အမှတ် ၂၃ ရပ်ကွက်၊မဟာမြိုင် လမ်းမှာ တည်ရှိပြီး အလုပ်သမားသမဂ္ဂကိုဖြိုခွဲတာ၊ ဦးဆောင်သူတွေကို အလုပ်ထုတ်တာတွေရှိသလို၊ လုပ်ခလစာ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေက မကြာခဏတောင်းဆိုမှုတွေရှိခဲ့တဲ့ စက်ရုံတစ်ရုံဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်း အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး အဲဒီစက်ရုံတစ်ခုထဲက (၂၆) မှုအထိရှိခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) ရဲ့ စာရင်းတွေအရသိရပါတယ်။
