ဖားကန့်မှာ စစ်ကော်မရှင်တပ်စခန်းသုံးခုကို KIA သိမ်းပိုက်

လက်နက်ကြီးကျရောက် ပေါက်ကွဲတဲ့အတွက် ကလေး သူငယ် ၂ ဦးနဲ့ လူကြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့။

ကာကင်းစခန်းသုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ KPDFတို့က ဧပြီလ ၂ရက် ဒီနေ့မနက် ၅နာရီကျော်မှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ KIAက RFAကို အတည်ပြုပြောပါတယ်။

အင်မားယန် သင်္ချိုင်းကုန်းကာကင်းစခန်း၊ ဆွတ်နာယန် ကာကင်းစခန်းနဲ့ မော်ဝမ်းကြီး တာဝါတိုင်ကုန်း စခန်းစတဲ့ စခန်းသုံးခုကို သိမ်းပိုက်ရရှိထားပြီး စစ်ကော်မရှင်တပ်ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ဒီစခန်းတွေအထဲက တချို့က အရင်က KIAနဲ့PDFတွေ စခန်းထိုင်ခဲ့တဲ့ကာကင်းစခန်းတွေပါ။ အခုက ပြန်တိုက်တာပေါ့။ ဒီမနက် ၅နာရီကနေ ၁၁နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်။ ပြီးတော့ စစ်ကော်မရှင်တပ်မကုန်းဘက်ကနေ လက်နက်ကြီးပစ်လို့ ကလေးတွေအပါအဝင် ငါးဦးထိခိုက်တယ်ကြားတယ်”

တိုက်ပွဲငြိမ်သက်နေတာ တစ်လကျော်ကြာလာတဲ့ ဖားကန့်မြို့နယ်မှာ ဧပြီလ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီအထိ စစ်ကော်မရှင်နဲ့KIAတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လူနေရပ်ကွက်တွေကို လက်နက်ကြီး ငါးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျရောက် ပေါက်ကွဲတဲ့အတွက် အသက် ၉နှစ်အရွယ် မောင်ဖုန်ရိန်အောင်၊ အသက် ၁၇ နှစ်အရွယ် မဂျာအောင်၊ အသက် ၂၈နှစ်အရွယ် မဆောင်မျှော်၊ အသက် ၃၀အရွယ် ဦးဘန်းအောင်နဲ့ အသက် ၅၀အရွယ် ဦးတူးခေါင်တို့ ထိမှန်ဒဏ်ရာရခဲ့ပြီး ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ပွဲငြိမ်သက်နေပြီး လုံးခင်း-လယ်ပြင်အတက်အဆင်းလမ်းကို စစ်ကော်မရှင်တပ်က ပြန်ဖွင့်လိုက်ပေမဲ့ ဒေသခံတွေအနေနဲ့ အပြင်ထွက်သွားလာတာမျိုးမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်လုံးအတွက် ဘဏ္ဍငွေ ရရှိနေတဲ့ ဖားကန့်မြို့ရဲ့ အဝင်အထွက် လမ်းပိုင်းနဲ့ မြို့နေရာအများစုကို KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲ သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ ဗဟာကုန်းနဲ့ တပ်စခန်းတွေကိုလည်း လနဲ့ချီ ပိတ်ဆို့ထားခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဧပြီလလောက်ကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းပြီး ဖားကန့်မြို့ကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဖားကန့်-ကာမိုင်း လမ်းပိုင်းနဲ့ မြို့ထဲနေရာတချို့ကိုလည်း စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဖားကန့်မြို့ပေါ်မှာ ဒီနေ့အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပါတယ်။