မြန်မာနိုင်ငံမှာ လက်ရှိ ဧပြီလ ၁ ရက်နဲ့ ၂ ရက်အတွင်း အပူချိန်တွေ မြင့်တက်လာတာကြောင့် အပူဒဏ် ကို သိသိသာသာ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကမ္ဘာ့တဝန်းက မိုးလေဝသအခြေအနေတွေကို ဖော်ပြပေးနေတဲ့ Eldorado Weather ဝက်ဘ်ဆိုက်ရဲ့ ဧပြီလ ၂ ရက်နေ့ ဖော်ပြချက်အရ အပူဆုံး မြို့ ၁၅ မြို့ စာရင်းမှာ မြန်မာနိုင်ငံက မြို့ပေါင်း ရှစ်မြို့ ပါဝင်နေတာ တွေ့ရပါတယ်။
မင်းဘူး၊ မကွေး၊ မုံရွာ၊ ချောက်၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူနဲ့ ဟင်္သာတမြို့တွေက ကမ္ဘာ့အပူဆုံး ၁၅ မြို့ထဲမှာ ပါဝင်နေပါတယ်။
မကွေးတိုင်း၊ မင်းဘူးမြို့မှာ ၄၃.၂ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ အဆင့် ၂ နေရာမှာ ရှိနေပြီး မကွေးနဲ့ မုံရွာက ၄၂.၁ ဒီဂရီစင်တီဂရိတ်တွေနဲ့ အဆင့် ၅ နဲ့ ၆၊ ချောက်မြို့က ၄၂ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၇ မှာ အသီးသီး ရှိနေတယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာလည်း မကွေးတိုင်း၊ မင်းဘူးမြို့ဟာ ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံး နံပါတ်တစ်မြို့အဖြစ် စံချိန်တင် ရောက်ရှိခဲ့ပါတယ်။
ဒီလို အခြေအနေတွေကြောင့် အပူချိန်မြင့်တက်မှုဒဏ်ကို သိသိသာသာ ကြုံနေရတယ်လို့ မန္တလေးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မန္တလေးမှာ ပူတာကတော့ နေ့လယ်ပိုင်း အလုပ်ရှိလို့ အပြင်သွားရင်လည်း မီးဖိုထဲ ဖြတ်သွားရ သလိုပါပဲဗျ။ မနေ့ကနဲ့ ဒီနေ့ဆို သိသိသာသာကို အပူချိန်က တက်လာတာလေ။ အခု နေ့ခင်းဘက် အေးတဲ့ အပင်ရိပ်အောက်တွေ ရှာပြီး နေတာတောင် တိုက်တဲ့လေက လေပူကြီးတွေ တိုက်နေတာဗျ။ ထိုင်နေရင်ကို ခန္ဓာကိုယ်က ပူစပ်ပူလောင်ကြီး ဖြစ်နေတာဗျ။”
အခုလို စံချိန်တင် အပူချိန်မြင့်တက်လာတာကြောင့် Heat Stroke ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တာတွေ၊ သတိလစ် မေ့မျောတာတွေ ဖြစ်လာနိုင်လို့ အပူဒဏ်ကို ဆင်ခြင်သတိပြု နေထိုင်ကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောဆိုနေပါတယ်။
စစ်ကော်မရှင်ရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နောက်နှစ်ရက်အတွင်း နေ့အပူချိန်တွေ ဆက်လက်တိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
