စစ်အာဏာသိမ်း ၅ နှစ်အတွင်း နေအိမ် ၁၂၅,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

စ်ကိုင်းတိုင်းမှာ နေအိမ် ၇၈,၈၉၆ လုံးနဲ့ အများဆုံး၊ မကွေးတိုင်းမှာ ၁၈,၀၅၉ လုံး၊ မန္တလေးတိုင်းမှာ ၁၂,၀၆၉ လုံး၊ ရခိုင်ပြည်နယ်မှာ ၆,၁၉၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရဟုဆို။

စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း အရပ်သားနေအိမ် ၁၂၅,၀၀၀ ကျော် (၁၂၅,၃၂၈ လုံး ) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar (D4M) က ဧပြီလ ၂ နေ့ညပိုင်းမှာ ထုတ်ပြန် လိုက်ပါတယ်။

အဲဒီထဲက ၁၂၁,၄၈၅ လုံးဟာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ၇၈,၈၉၆ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံထားရပြီး၊ နိုင်ငံတဝန်း ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်စုစုပေါင်းရဲ့ ၆၃ ရာခိုင်နှုန်းကျော် ရှိတယ်လို့ Data for Myanmar အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မကွေးတိုင်းမှာ ၁၈,၀၅၉ လုံး၊ မန္တလေးတိုင်းမှာ ၁၂,၀၆၉ လုံး၊ ရခိုင်ပြည်နယ်မှာ ၆,၁၉၃ လုံး ပျက်စီးခဲ့ တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲ အကြိုကာလတွေဖြစ်တဲ့ ၂၀၂၅ ဒီဇင်ဘာလကနေ ၂၀၂၆ ဖေဖော်ဝါရီလအတွင်း သုံးလမှာ တိုင်းနဲ့ပြည်နယ် ၆ ခုက ကျေးရွာပေါင်း ၈၉ ရွာမှာ အရပ်သားနေအိမ် ၄,၇၄၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar က ပြောပါတယ်။

အဲဒီကာလအတွင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ မီးရှို့ဖျက်ဆီးမှုတွေ အများဆုံးဖြစ်ခဲ့တာလို့ဆိုပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် အိုင့်မကြီးကျေးရွာမှာ ၂၀၂၅ ဒီဇင်ဘာ ၂၂ ရက်နေ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့တာကို အပြင်းထန်ဆုံး ဖြစ်စဉ်တစ်ခုအဖြစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ပြည်သူ့စစ်အားကောင်းတဲ့ (ပျူစောထီး) ကျေးရွာတွေကို တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ အချက်အလက်တွေကို ၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဖြစ်စဉ်အလိုက် စုစည်းထားတာဖြစ်ပြီး အချို့ဖြစ်စဉ်တွေက ကျူးလွန်တဲ့အဖွဲ့အစည်းကို အတည်မပြုနိုင်သေးတာတွေလည်း ရှိတယ်လို့ Data for Myanmar က ပြောပါတယ်။

RFA ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။