မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေဖြေရှင်းနိုင်ဖို့အတွက် ဆောင်ရွက်သင့်တဲ့ အချက် ၉ ချက်ကို နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ PCB က မတ်လ ၃၁ နေ့က ထုတ်ပြန်လိုက်ပါတယ်။
PCB အစုအဖွဲ့ကို ဒီမိုကရေစီလှုပ်ရှားမှုမှာဆယ်စုနှစ်နဲ့ချီပါဝင်ခဲ့တဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တချို့က ဖေဖော် ဝါရီ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပါတီမှတ်ပုံပြန်မတင်ပဲရပ်တည်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ပါတီမှတ်ပုံတင်တာကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကလက်မခံပဲပယ်ချခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှ နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမြအေးတို့က ပြောရေးဆိုခွင့်ရှိသူတွေအဖြစ်ဦးဆောင်ထားပါတယ်။
စစ်ခေါင်းဆောင်တွေနဲ့သဘောထားမတူတဲ့သူမှန်သမျှ ဖမ်းဆီးထောင်ချခံထားတဲ့ခေတ်မှာ အခုလိုဖွဲ့စည်းလှုပ်ရှားတဲ့အတွက်ဘယ်လိုဖြစ်လာနိုင်မလဲ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က RFA ကိုအခုလိုပြောပြပါတယ်။
“စစ်ဘောင်က တအားကျယ်နေတယ်လေနော၊ နိုင်ငံရေးဘောင်ကတအားကျဉ်းနေတယ်လေ၊ ကျဉ်းကျဉ်းမြောင်းမြောင်းနိုင်ငံရေးဘောင်ထဲကနေမှ အခု ကျွန်တော်တို့ သဘော ထားကိုထုတ်ပြန်ခဲ့ရတာ။ ကျပ်တော့ကျပ်တာပေါ့လေ၊ မင်းတို့ကောင်တွေက ဘယ်လောက်သတ္တိရှိလည်းဆိုသတ္တိမရှိပါဘူး၊ ပြောရရင်ကြောက်တာပေါ့နော်၊ ကြောက်ကြောက်နဲ့တော့ လုပ်ရတာပေါ့နော်။ သို့သော် ကိုယ်ယုံကြည်တာကိုပြောမှဖြစ်မယ်။ ကျွန်တော်တို့က ဒါယုံကြည်ချက်ပဲရှိပါတယ်။ တိုင်းပြည်ပေါ်ထားတဲ့ယုံကြည်ချက် တိုင်းပြည်ကောင်းဖို့အတွက်ကိုလုပ်တာဖြစ်ပါတယ်”
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ PCB ကအဆိုပြုတဲ့အချက် ၉ ချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့၊ လွတ်လပ်စွာဖွဲ့စည်းပြောဆိုခွင့်ရှိဖို့၊ စစ်မှုထမ်းဥပဒေဖျက်သိမ်းဖို့၊ အရပ်သားပြည်သူတွေထိခိုက်စေတဲ့ တိုက်ခိုက်နေတာတွေရပ်ဖို့၊ CDM ဝန်ထမ်းတွေကို အရေးမယူပဲ နိုင်ငံသားတွေကိုလွတ်လွတ်လပ်လပ်အသက်မွေးဝမ်းကျောင်းခွင့်ပြုဖို့၊ စစ်ကြောင့်ထိခိုက်သွားတဲ့ပြည်သူတွေကိုပြန်လည်ထူထောင်ရေးလုပ်ဖို့၊ ပြည်ပရောက်သွားတဲ့သူတွေကိုလည်း ပြန်လာခွင့် ပြုဖို့၊ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့၊ အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။
ဒီအချက်တွေကို ဘယ်အဖွဲ့ဘယ်ပုဂ္ဂိုလ်တွေကတာဝန်ယူဆောင်ရွက်ရမှာလဲ။ ပြည်သူ့သဘောထားကို အလေးထားတဲ့သူတွေဆိုရင် ဒီအချက်တွေကိုအကောင်ထည်ဖော်ပေးဖို့ တာဝန်ရှိတယ်လို့၈၈ မျိုးဆက် ဦးမြအေးက RFA ကိုပြောပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုကိုကျွန်တော်တို့ ရှင်းပြတဲ့အနေနဲ့ချပြလိုက်တာပဲဖြစ်တယ်။ ဒါကိုတော့ နံပါတ်တစ်အနေနဲ့ရှင်းချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့အနာဂတ်ကို မြန်မာပြည်သူတွေပဲ ပိုင်ဆိုင်တယ်။ တစ်စုံတစ်ယောက် တစ်ဦးတစ်ဖွဲ့ကမပိုင်ဆိုင်ပါဘူး။ ပြည်သူကို ကိုယ်စားပြုထားတယ်လို့ ကိုယ့်ကိုယ်ကိုခံယူထားကြတယ်ဆိုရင် ပြည်သူ့ရဲ့သဘောထားဆန္ဒကိုအလေးထားပြီးတော့မှ ဒီအချက်တွေကိုဖြေရှင်းဖို့အတွက် ပြည်သူ့ကိုယ်စားပြုထားတဲ့ခံယူထားတဲ့အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်”
တိုင်းပြည်အပြောင်းအလဲအတွက်ကျိုးပမ်းတဲ့အခါ နိုင်ငံရေးနည်းကိုပိုသုံးတဲ့ တော်လှန်ရေးဖြစ်စေချင်တယ်လို့ SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။
“နှစ်ဖက်ကြားက မြေဇာပင်ဖြစ်ရတဲ့လူထုက တော်တော်များလာတယ်။ နှစ်နဲ့ချီပြီးကြာလာတာလဲဖြစ်တယ်ပေါ့နော၊ ဆိုတဲ့အခါကြတော့ ဒါကို ကျွန်တော်တို့က ဖြစ်စေချင်တာက တော်လှန်ရေးတစ်ရပ်လုပ်တယ်၊ လက်နက်ကိုင်တယ်ဆိုပေမယ့်လည်း နိုင်ငံရေးပါဖို့လိုပါတယ်။ တော်လှန်ရေးလက်နက်ကိုင် တိုက်တာတစ်ခုထဲသပ်သပ်မရပါဘူး။ တော်လှန်ရေးလည်းလုပ်ပေါ့ဗျာ၊ နိုင်ငံရေးလည်းလုပ်ဖို့လိုပါတယ်။ နိုင်ငံရေးကဲတဲ့တော်လှန်ရေးဖြစ်ဖို့လိုတယ်လို့ ကျွန်တော်တို့အဲလိုထင်ပါတယ်"
ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအတွင်းကနေ ဘာမှဆက်လုပ်လို့မရဘူးလို့လည်း ၈၈ မျိုးဆက် ဦးမြအေးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူးဗျာ၊ လက်မခံဘူး၊ ဘာဖြစ်လို့လည်းဆိုတဲ့အခါကျတော့ မျက်စိစုံမှိတ်ပြီး ငြင်းနေတာမဟုတ်ဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာက ပြည်နယ်လိုချင်တဲ့ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍတွေကိုထည့်စဉ်းစားရမှာ လည်းရှိတယ်။ ဝ ကိုပဲကြည့်ကြည့်၊ တအာန်းပလောင်ကိုပဲကြည့်ကြည့် ဒီဟာတွေနဲ့ပတ်သက်ပြီး စဉ်းစားရင် ၂၀၀၈ ထဲမှာက ပြည်နယ်အသစ် ဖွဲ့စည်းမှုဆိုင်ရာနဲ့ပတ်သက်လို့ ပြဌာန်းချက်တွေ မရှိဘူး။ ၂၀၀၈ က ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့အရမ်းအခက်ခဲဖြစ်တယ်လို့မြင်တယ်ဗျ။ ဒါကြောင့် ၂၀၀၈ ကိုလက်မခံတာပါ”
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Political Coordination Body - PCB) အနေနဲ့ လက်ရှိပဋိပက္ခနဲ့သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်အောင်အဓိကရည်ရွယ်တယ်လို့လည်းပြောပါတယ်။
