အာဏာသိမ်းစစ်တပ်ရဲ့ မိတ်ဖက်အဖြစ်အမြဲရပ်တည်ခဲ့တဲ့ တရုတ်နဲ့ ရုရှားအစိုးရက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတအဖြစ်တင်မြှောက်ခံရတဲ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေ ပေးပို့ကြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ သဝဏ်လွှာမှာတော့ သမ္မတသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့် ရသူကလည်း တရုတ်နိုင်ငံရဲ့ BRI ခေတ်သစ် ပိုးလမ်းမစီမံကိန်းဆက်လုပ်ဖို့အတွက်တွန်းအားပေး သွာမယ်လို့ ဧပြီလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ရုရှားသမ္မတ ပူတင်ကတော့ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးနဲ့လုံခြုံရေးခိုင်မာစေဖို့ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတွေဆက်ရှိမယ်လို့ သဝဏ်လွှာမှာထည့်သွင်းပြောဆိုပါတယ်။
စစ်ကော်မရှင်က အစိုးရသစ်မဖွဲ့ခင်မှာကို ဒီလိုထောက်ခံနေကြတာဟာ လက်ရှိအတိုင်း မူမပြောင်းဖို့ ဖိအားပေး လိုက်တာလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“အစောတလျင်အားချင်းဘဲ ထောက်ခံအသိအမှတ်ပြုခဲ့ကြတဲ့အပေါ်ကြည့်ရင် ယခင်မူအတိုင်းပဲ ဆက်ကျင့်သုံး ဖို့။ ဆိုရရင် သူတို့ဖက်ကိုလုံးလုံးပါလာအောင် ချည်ပြီးတုပ်ပြီး လုပ်လိုက်တဲ့သဘောပါဘဲ။ မူပြောင်းချင်ရင်တောင် မပြောင်းရဲတော့ဘဲ ချုပ်ကိုင်ခံလိုက်ရသလိုဖြစ်ပြီး အရင်အတိုင်းဆက်လျှောက်ကြရဖို့သွားရပြီလို့မြင်တယ်။ သူတို့ ရုရှားနဲ့ တရုတ်ကိုမဆန့်ကျင်ရဲကြတော့ ကမ္ဘာရဲ့အသိအမှတ်ပြုမူဆိုတာလည်း ပိုဝေးသွားပြီလို့ပဲဆိုရမယ်”
တရုတ်နဲ့ရုရှားအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နိုင်ငံတကာရဲ့ဝေဖန်မှုကို အမြဲခံနေရတဲ့ နီကာရာဂွါ နဲ့ ကာဇက်စတန်အစိုးရတွေကလည်း စစ်ခေါင်းဆောင် သမ္မတဖြစ်တာကိုထောက်ခံကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါတဲ့ အာဆီယံအသင်း ၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ (EU)၊ အမေရိကန် နဲ့ အနောက်နိုင်ငံတွေရဲ့ သဘောထားတွေတော့မတွေ့ရသေးပါဘူး။ ဂျပန်အစိုးရကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးအကျဥ်းသားအားလုံးလွှတ်ပေးဖို့၊ ဆွေးနွေးပွဲတွေလုပ်ဖို့ အရေးကြီးတဲ့ အကြောင်းနဲ့ ဂျပန်အစိုးရအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ဧပြီလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဖိလစ်ပိုင်သမ္မတရုံး ပြောခွင့်ရှိသူ မစ္စ ကလဲ ကတ်စထရို (Claire Castro) ကတော့ မြန်မာ့အရေးနှင့်ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်နိုင်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးလုပ် သင့်တယ်လို့ ဧပြီလ ၄ ရက်နေ့ သတင်းစာရှင်း လင်းပွဲမှာပြောပါတယ်။
