စစ်ကော်မရှင်လက်အောက်ခံဗဟိုဘဏ်က နာမည်ပျက်စာရင်းကြေညာလိုက်တဲ့ ကုမ္ပဏီ ၂၈၇ ခုထဲမှာ စစ်အစိုးရအဆက်ဆက်နဲ့ပြေလည်ခဲ့တဲ့ ခရိုနီသူဌေးကြီး ဦးတေဇ၊ သူ့ရဲ့သား ကိုပြည့်ဖြိုးတေဇနဲ့ ဦးတေဇပိုင် ထူးထရိတ်ဒင်းကုမ္ပဏီရဲ့ ဒါရိုက်တာတွေပါဝင်သွားပါတယ်။
၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ မတ်လ ၃၁ ရက်နေ့အထိ ပြည်ပပို့ကုန်ကရတဲ့ နိုင်ငံခြားငွေကို မြန်မာနိုင်ငံ မှာဖွင့်ထားတဲ့ ဘဏ်စာရင်းမှာထည့်ဖို့ပျက်ကွက်တဲ့ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ နာမည် ပျက်စာရင်းကြေညာတာလို့ ဧပြီလ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့ထုတ် စစ်ကော်မရှင်အာဘော်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒီဥပဒေကိုဖောက်ဖျက်ရင် ထောင်ဒဏ် တစ်နှစ်၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးချမှတ်ခံရမယ် လို့ပြဌာန်းထားပါတယ်။
လုပ်ငန်းရှင်တွေ ပို့ကုန်ရငွေပြန်မသွင်းနိုင်တဲ့ကိစ္စဟာ အခုမှမဟုတ်ဘဲ အရင်အစိုးရ အဆက်အဆက်ကတည်းကရှိနေတဲ့ပြသာနာဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ထုတ်ပြန်ထားတာတွေကို မလိုက်နာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပို့ကုန်လုပ်ငန်းကုမ္ပဏီ ၃၃၅ ခု ရုပ်သိမ်းခံခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ EU၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံကလည်း ဦးတေဇ အပါအဝင် သူ့သား ကိုပြည့်ဖြိုးတေဇနဲ့ ကိုထူးထက်တေဇတို့ကို ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ထားပါတယ်။
