မန္တလေးတိုင်း၊ ပုဂံ/ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို ဧပြီလ ၄ ရက်နေ့ မနက်မှာ စစ်ကော်မရှင်က လက်နက် ကြီးနဲ့ပစ်ခတ်လို့ အသက် ၅၀ အရွယ် ကျောင်းဆရာမတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ထန်းတက်သမားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ နယ်မြေစိုးမိုးနိုင်ဖို့ အဝေးကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် အခုလို ထိမှန်ခဲ့တာလို့ ဒေသခံက RFA ကို ပြောပါတယ်။
“အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာ။ ကျောင်းဆရာမတစ်ယောက်၊ ကျန်တာက တစ်ယောက် စုစုပေါင်း နှစ်ယောက်သေတယ်။ အခုက ရွာမှာ ကျန်းမာရေးနဲ့ သာရေးနာရေး ကိစ္စကလွဲရင် မသွားရဲတော့ဘူးလေ”
ချောင်းရှည်ရွာပတ်ဝန်းကျင်ရွာတွေနားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပြီးနောက် အခုလိုပစ်ခတ်နေတာလို့ ဆိုပါတယ်။
ပုဂံ/ညောင်ဦးမှာ မြို့ပေါ်နေရာကလွဲရင် ဘေးပတ်ဝန်းကျင်မြို့ရွာတွေမှာ တိုက်ပွဲတွေမကြာခဏဖြစ်နေသလို စစ်တပ်ကလည်း စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာမှာလည်း အမျိုးသမီးတစ်ဦးအပါအဝင်ဒေသခံ ငါးဦးကို စစ်ကော်မရှင်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အတွက် သူတို့ရုပ်အလောင်းတွေကို မတ်လ ၂၄ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
