ရန်ကုန်သင်္ကြန်မှာ ခွင့်ပြုမိန့်မရှိဘဲစည်ပင်ရေကိုသုံးရင် အရေးယူမည်ဟုဆို

၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလမှာ ရေကစားမဏ္ဍပ်တွေအနေနဲ့ ခွင့်ပြုမိန့်မရှိဘဲ စည်ပင်ရေကိုသုံးရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကအရေးယူမယ်လို့ သတိပေးထားတဲ့အကြောင်း ရေကစားမဏ္ဍပ်ဆောက်ဖို့ ပြင်ဆင်နေတဲ့သူတွေက RFA ကိုပြောပါတယ်။

“သင်္ကြန်မှာရေကစားချင်လို့ မဏ္ဍပ်လုပ်ချင်သူ စည်ပင်မှာခွင့်ပြုချက်လာတောင်းရမယ်လို့ပြောတာပါ၊ လက်မှတ်ထိုးပြီးတာဝန်ယူရမယ်ပေါ့၊ စည်းကမ်းဖောက်ဖျက်ရင် ဥပဒေနဲ့အညီအရေးယူမယ်ပြောတယ်။ ဘာပုဒ်မနဲ့အရေးယူမယ်တော့မပြောဘူး။ စည်းကမ်းချက်တွေထဲမှာတော့ သူတို့စည်ပင်ကရေပိုက်လိုင်းက ရေတွေပါတယ်။ နောက် အင်လျားကန်နဲ့ကန်တော်ကြီးကရေတွေပါတယ်။ နောက် မီးသတ်ပိုက်ခေါင်းက ရေတွေ အသုံးမပြုရဘူးပြောပါတယ်”

အင်းလျားနဲ့ ကန်တော်ကြီးကရေကိုသုံးမယ်ဆိုရင်လည်း သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် နေ့လယ် ၁၂ နာရီမတိုင်ခင်ခွင့်ပြုမိန့်ရအောင်လျှောက်ထားရမယ်လို့ဆိုပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေမလိုက်နာတဲ့မဏ္ဍပ်တာဝန်ရှိသူနဲ့ ရေကစားတဲ့သူတွေလည်း အရေးယူခံရနိုင် တယ်လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ရေနှင့်သန့်ရှင်းမှု အင်ဂျင်နီယာဌာနကိုမေးမြန်းဖို့ RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်မရခဲ့ပါဘူး။

လက်ရှိအချိန်မှာ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ရွာမီးရှို့တာတွေရှိနေသေးပေမယ့် အာဏာ သိမ်းစစ်ခေါင်းဆောင်ကိုသမ္မတတင်ပြီး အစိုးရသစ်ဖွဲ့ဖို့ ပြင်နေတဲ့ဒီနှစ်မှာ တစ်နိုင်ငံလုံး သင်္ကြန်ပွဲကျင်းပနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။