မတ်လတစ်လထဲ ကိုယ်ဝန်ဆောင်မိခင်သုံးဦးအပါအဝင် အမျိုးသမီး ၈၈ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့တိုက်ခိုက်မှု၊ ဖမ်းဆီးနှိပ်စက်မှုနဲ့ ရွာတွေမီးရှို့မှုတွေကြောင့် ၂၀၂၆ မတ်လတစ်လထဲမှာ အမျိုးသမီး ၈၈ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က RFA ကိုပြောပါတယ်။

လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၇ ဦး၊ မတရားသတ်ဖြတ်မှုကြောင့် ၂၁ ဦး၊ မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုတွေကြောင့် ၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် တစ်ဦး၊ အကျဉ်းထောင်ထဲမှာဆေးကုသမှုခံယူခွင့်မရခဲ့တာကြောင့် တစ်ဦး နဲ့ မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေဆုံးခဲ့ရတယ်လို့ BWU က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး အစိုးရမဖွဲ့ခင်အချိန်အတွင်းမှာပဲ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကြောင့် သေဆုံး မှုနှုန်း ပိုမြင့်တက်လာရတာလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အထွေထွေအတွင်းရေးမှုး (၂) မယဉ်မျိုးက RFA ကိုပြောပါတယ်။

“၂၀၂၆ ခုနှစ် သုံးလအတွင်းမှာ မတ်လကသေဆုံးမှုနှုန်းအများဆုံးပါ။ ဒါကြောင့် မတ်လမှာ အမျိုးသမီးတွေ စစ်ကောင်စီကြောင့်ပိုသေဆုံးခဲ့ရတယ်လို့ပြောတာပါ။ ဇန်နဝါရီလက ၅၅ ဦး၊ ဖေဖော်ဝါရီလက ၆၃ ဦးနဲ့ အခုမတ်လက ၈၈ ဦးအထိ သေဆုံးခဲ့ကြရတာလေ၊ စစ်ကောင်စီရဲ့ မတရားတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေက အမျိုးသမီးတွေနဲ့ ကလေးတွေကိုတိုက်ရိုက်ထိခိုက်နေတယ်။ သူတို့တွေရဲ့အသက်ရှင်နေထိုင်ခွင့်နဲ့ လုံခြုံရေးကို အပြင်းအထန်ချိုးဖောက်ခံနေရတဲ့အခြေအနေမှာရောက်နေပါတယ်“

ဇန်နဝါရီလမှာ ၅၅ ဦး၊ ဖေဖော်ဝါရီလမှာ ၆၃ ဦး၊ မတ်လမှာ ၈၈ ဦးသေဆုံးရတဲ့အတွက် သေဆုံးမှုနှုန်း ပိုပြီးမြင့်တက်လာတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက်မိန်းကလေး အယောက် ၂၀ အထိပါနေတဲ့အတွက် ကလေးတွေအပေါ် သက်ရောက်မှု ပိုဆိုးလာတယ်လို့ဆိုပါတယ်။

သေဆုံးရနှုန်းအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး၊ ပဲခူးတိုင်းမှာ ဒုတိယအများဆုံးဖြစ်ပါတယ်။ အဲဒီနောက် မကွေး၊ မန္တလေး၊ တနင်္သာရီတိုင်းနဲ့ ကရင်၊ ကယား၊ ရှမ်း၊ ရခိုင် ပြည်နယ်တို့မှာ သေဆုံးရတာလို့ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အမျိုးသမီး နှစ်ထောင်ကျော် (၂၁၅၂ ဦး) သေဆုံးခဲ့ပြီး၊ အမျိုးသမီး ခြောက်ထောင်ကျော် ( ၆၃၇၀ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၆ ရက်နေ့အထိ စာရင်းမှာလည်းဖော်ပြထားပါတယ်။