စစ်ကော်မရှင်ရဲ့ အသွင်ပြောင်းအစိုးရဝန်ကြီးအဖွဲ့မှာ ဗိုလ်ချုပ်အများစုပါဝင်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်က သူရဲ့အစိုးရ အဖွဲ့မှာ ဝန်ကြီးအယောက် ၃၀ ခန့်မှာဖြစ်ပြီး အဲဒီနေရာတွေအတွက် လက်ရှိဗိုလ်ချုပ်တွေနဲ့ စစ်တပ်အရာရှိဟောင်း ၂၁ ယောက်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အရင်စစ်ကော်မရှင်ကာလဝန်ကြီးဌာတွေရဲ့ လူဟောင်း ၉ ယောက်ကို ဧပြီလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ ၁၁ ယောက်မှာလည်း ၁၀ ယောက် က ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်ဟောင်းတွေဖြစ်ပါတယ်။

အစိုးရအဖွဲ့တစ်ခုမှာအရေးပါတဲ့ ကာကွယ်ရေးဝန်ကြီးနေရာအတွက် လက်ရှိ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထဲရေးဝန်ကြီးအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် တရုတ်သံအမတ်ဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးတင်မောင်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် လက်ရှိပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို တင်သွင်းထားတာတွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာကိုဆက်ပြီးချုပ်ကိုင်ထားနိုင်ဖို့ ဗိုလ်ချုပ်တွေကို ဝန်ကြီးနေရာတွေတင်သွင်းခဲ့တာလို့ စစ်ဘက်နဲ့လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုး က RFA ကိုပြောပါတယ်။

“သူက ဩဇာအာဏာကို ချုပ်ကိုင်ချင်တာဖြစ်တဲ့အတွက် တပည့်ရင်း စစ်ဗိုလ်ချုပ်ဟောင်းတွေပေါ့ဗျာ၊ သူ့အမိန့်ကိုနာခံရတဲ့တပည့်တွေ၊ သူ့ကိုမလွန်ဆန်ရဲတဲ့သူတွေကို အဓိကရွေးချယ်တာပေါ့။ နောက်တစ်ချက်ကတော့ အရပ်သားကိုသိပ်မယုံကြည်တာပေါ့နော်။ အရပ်ဘက်ကိုသိပ်မယုံကြည်ဘူး၊ အားမကိုးချင်ဘူး။ သူ့လူကိုပဲပိုပြီးတော့ ယုံကြည်တယ်။ နေရာပေးချင်တယ်။ ဒီအချက်ကြောင့် စစ်ဗိုလ်ချုပ်တွေအများစု ဝန်ကြီးနေရာတွေဖြစ်တယ်လို့ပြောလို့ရတယ်။ မဖြစ်သာတဲ့နေရာလောက်ပဲ အရပ်သားတွေဖြစ်နေတာပေါ့”

တိုင်းပြည်အခြေအနေ အဖက်ဖက်ကကျဆင်းနေတဲ့အချိန်မှာ အရင်လူဟောင်းတွေပဲ ပြန်ခန့်ထားတဲ့ အတွက်ကြောင့် မျှော်လင့်စရာမရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ပြောပါတယ်။

“ထမင်းသိုးကို အိုးပြောင်းထည့်လိုက်ရုံနဲ့ ကောင်းမသွားနိုင်ဘူးဆိုတဲ့စကားအတိုင်းပါပဲ။ နိုင်ငံတကာက သံတမန်ရေးဖြတ်တောက်မှု၊ အသိအမှတ်မပြုမှု၊ စီးပွားရေးပိတ်ဆို့မှုတွေအပြင် ဘက်ဂျက်သုံးစွဲနိုင်မှု အားနည်းချက်တွေကြားမှာ ပြည်ပကရင်းနှီးမြုပ်နှံမှုဝင်ရောက်မှုမရှိကြတာရယ်ကြောင့် နဂိုကမှ အဖက်ဖက်ကကျဆင်းနေရတဲ့ကြား အခုလိုအရင်လမ်းဟောင်းအတိုင်းဘဲ ဆက်လျှောက်ကြမဲ့ လူဟောင်းတွေကပဲ ဝန်ကြီးတွေပြန်ဖြစ်လာကြတာဆိုတော့ ကဏ္ဍစုံမှာတိုးတက်လာဖို့ဆိုတာ ထူးထူး ခြားခြား မျှော်လင့်လို့မရနိုင်ဘူးလို့မြင်တယ်”

ဧပြီလ ၁၀ ရက်နေ့မှာတော့ စစ်ခေါင်းဆောင်က သမ္မတအဖြစ်ကျမ်းသစ္စာကျိမ်ဆိုမယ်လို့ သတင်းထွက်နေပါတယ်။