ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်ကနေ သမ္မတအဖြစ်ပြောင်းသွားပေမဲ့ ကျူးလွန်ထားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကနေကင်းလွတ်သွားမှာမဟုတ်ဘူး လို့ ဗြိတိန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI ) က ဧပြီ ၃ ရက်သောကြာနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ (ဗိုလ်ချုပ်မှူးကြီးဟောင်း) မင်းအောင်လှိုင်ဟာ အခုရထားတဲ့တရားဝင်အရပ်သား ရာထူးက သူ့ကိုအကာအကွယ်ရမယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်၊ ဒါပေမဲ့ နိုင်ငံတကာတရားစီရင်ရေးဆိုတာ အဲဒီလိုမဟုတ်ပါဘူး။ သူ့အနေနဲ့ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံသာပြောင်းဝတ်လို့ ရကောင်းရလိမ့်မယ်၊ ဒါပေမဲ့ နိုင်ငံတကာဥပဒေတွေကိုအကြီးအကျယ်ချိုုးဖောက်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိနေတာကိုတော့ ပြောင်းလို့မရဘူး” လို့ AI အဖွဲ့ရဲ့ မြန်မာအရေးသုတေသီ ဂျိုးဖရီးမန်း ကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိတွေကို ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး နောက်ပိုင်းကျူးလွန်ထားတဲ့အမှုတွေအတွက် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ပြီး ဆက်လက်စစ်ဆေးအရေးယူဖို့ကိုလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။
