နိုင်ငံတစ်ဝန်းကြုံနေရတဲ့လောင်စာဆီအခက်အခဲကြောင့် လယ်ယာထွက်ကုန်သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်တဲ့ဒဏ်ကို ကုန်သည်တွေနဲ့တောင်သူတွေ ရင်ဆိုင်နေရပါတယ်။
ကုန်သယ်ယူစရိတ်တွေကြီးလာတာကြောင့် ပြောင်းစိုက်ပျိုးသူတွေအရှုံးပေါ်နေတယ်လို့ ဟင်္သာတမြို့ခံကုန်သည်တစ်ဦးက RFA ကိုပြောပါတယ်။
“ပြောင်းက သူကရှိတာမှ လေးသောင်းခွဲလောက်တန်ဖိုးရှိတာ။ သယ်ယူစရိတ်က ကိုင်းထဲကနေ ဟင်္သတမြို့ပေါ်အထိ တစ်အိတ်ကိုခြောက်ထောင်ဆိုတော့ တောင်သူကဘာမှ မကျန်တော့ဘူး။ ကိုင်းကုန်ပစ္စည်း ပြောင်းတစ်ခု သယ်ယူစရိတ်နဲ့တင်ပဲသူတို့ကရှုံးနေပြီ”
ကုန်သည်တွေနဲ့ တောင်သူတွေပြောဆိုချက်အရ လတ်တလောမှာ ဆီအကျပ်အတည်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတချို့ရပ်နားထားရသလို စျေးနှုန်းညှိနှိုင်းနေရတာတွေကြောင့်လည်း ကုန်စည်စီးဆင်းတာတွေ ကြန့်ကြာနေပါတယ်။
အရင်က လယ်ယာလုပ်ငန်းသုံးစက်သုံးဆီတစ်ပေပါကို စျေးနှုန်း ခြောက်သိန်းဝန်းကျင်ကနေ အခုတော့မှောင်ခိုစျေးကွက်မှာ သိန်းနှစ်ဆယ်ကျော်ကနေ သိန်းသုံးဆယ်နီးပါးအထိ မြင့်တက်နေတယ်လို့ ဧရာဝတီတိုင်းကလယ်သမားတွေက ပြောကြပါတယ်။
စက်သုံးဆီကိုစျေးကြီးပေးဝယ်ရသလို လိုသလောက်ဝယ်မရတဲ့အခက်အခဲလည်း ရှိနေတယ်လို့ ဖျာပုံမြို့နယ်ကလယ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
“သယ်ယူစရိတ်လည်း မနှစ်ကထက်ဆိုးတာပေါ့။ ဆိုးတာပေါ့ကွာ။ အခုထိလည်း ကောင်းကောင်း ဝယ်လို့ မရသေးပါဘူးကွာ။ ကြပ်တည်းတာပေါ့။ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် ပိုဆိုးတာပေါ့။ ဆီဘာညာကလည်းရှား”
လယ်သမားတွေပြောပြချက်အရ စပါးတင်းတစ်ရာကို အရင်က သယ်ယူစရိတ် ကျပ် ငါးသောင်းဝန်းကျင်ရှိပြီး အခု ခုနစ်သောင်းဝန်းကျင်အထိပေးနေရပါတယ်။
ဆီဝယ်ဖို့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ကုန်တင်ကားတွေတန်းစီနေရတာကလည်း ကုန်စည်စီးဆင်းမှုကိုနှောင့်နှေးစေပြီး သယ်ယူပို့ဆောင်ခတွေ ပိုမြင့်တက်လာစေတယ်လို့ မန္တလေးမြို့ခံကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆီမရတဲ့အခါမှာ ကားတွေသိပ်မထွက်တာ အဲဒါတွေလည်း ပါတာပေါ့။ ဆီဆိုင်တွေမှာ ကားတွေကျပ်ညပ်နေတာလေ။ အဲတော့ ကုန်တင်တဲ့နေရာမှာကားရှားပါးမှုတွေ ရှိတာပေါ့။ တကယ်တမ်း စက်သုံးဆီသွက်သွက်လက်လက်ပေးနေရင် ကားရှားပါးမှုမဖြစ်ဘူး။ ကုန်ကလည်းလည်ပတ်နေမှာပေါ့”
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်တင်ကားလမ်းကိုပဲ အားထားအသုံးပြုရတဲ့ဒေသတွေမှာ လက်ရှိကုန်ပစ္စည်း ပြတ်လပ်တာ၊ စျေးနှုန်းမြင့်တက်တာတွေ ကြုံနေရတယ်လို့လည်း သူကဆိုပါတယ်။
ဒီအကျပ်အတည်းကိုဖြေရှင်းဖို့အတွက် အစားထိုးနည်းလမ်းတွေအနေနဲ့ ကုန်ပစ္စည်းအများအပြားတင်နိုင်ပြီး သယ်ယူစရိတ်သက်သာတဲ့ သင်္ဘောတွေ၊ ရထားတွေ ပိုသုံးနိုင်အောင် စီစဉ်ပေးဖို့ကိုလည်း ကုန်သည်တွေကလိုလားနေကြပါတယ်။
စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ စုံ - မ စနစ် ခွဲခြားတာ၊ အင်ဂျင်ပါဝါအလိုက် ဝယ်ယူခွင့်ပြုတာနဲ့ ခရီးအကွာအဝေးသတ်မှတ်ချက် ကီလိုမီတာနဲ့ ဆီထုတ်ပေးနေတာကြောင့် အရင်ကထက် ဆီဂါလန် တစ်သန်းလောက် သုံးစွဲတာလျော့ကျသွားတယ် ထုတ်ပြန်ထားပါတယ်။
