မြင်းခြံမြို့ ဖက်ပင်အိုင်ရွာစီးနင်းခံရမှု ဒေသခံ ၁၁ ဦးသေဆုံး

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်း တိုက်ခိုက်လို့ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ၁၁ ယောက်သေဆုံးပြီး နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ဧပြီလ ၈ ရက်နေ့မှာထုတ်ပြန်ပါတယ်။

တပ်မ- ၉၉ လက်အောက်ခံ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဧပြီလ ၁ ရက်နဲ့ ၂ ရက်မှာ ဆက်တိုက်ဝင်တိုက်ခဲ့တာပါ။ သေဆုံးသွားတဲ့သူတွေထဲမှာ အသက် ၂၇ နှစ်ကနေ ၈၇ နှစ်အရွယ် အရပ်သား ၉ ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်ပါဝင်ပြီး နောက်ထပ် အရပ်သား ၇ ယောက် ဒဏ်ရာ ခဲ့တယ်လို့ NUG က ဖော်ပြထားပါတယ်။

ရွာသား ရှစ်ယောက်လည်းပျောက်ဆုံးနေပြီး ဧပြီ ၉ ရက်နေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ပျောက်နေတာလည်း ရှစ်ယောက်လောက် ရှိသေးတယ်။ ရွာကလည်း တစ်ရွာလုံး မီးလောင်တာ ဆိုတော့ လက်ရှိအနေအထားတော့ ရှာလို့မရသေးဘူး။ ရွာက မီးလောင်သွားတော့ တောတွေထဲ ထွက်အိပ်ရတယ်။ မြွေ ကင်း အန္တရာယ်လည်းရှိတော့ မြွေဆိပ်ဖြေဆေးလိုဟာလည်း လိုအပ်တယ်။ စားရေးသောက်ရေးကစ ခက်ခဲနေတယ်။ အိမ်မီးရှို့ခံရတာတော့ ပြန်ထူထောင်ဖို့ဆိုတာလည်း မလွယ် တော့ဘူးဗျ။ ဘိုးစဉ်ဘောင်ဆက် အိမ်တစ်ဆောင်မီးတစ်ပြောင်ဖြစ်ဖို့ရုန်းကန်လာရတာလေ။ ဘယ်လိုမှ အဲဒီအနေအထားပြန်ဖြစ်နိုင်ဖို့ မလွယ်တော့ဘူး”

အခုလုပ်ရပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လူမှုစီးပွားဘ၀တစ်ခုလုံး ကို ဖျက်ဆီးလိုက်တာကြောင့် စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ NUG က ပြောပါတယ်။ ဒီအခြေအနေ တွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။