ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ဟာ ဧပြီလ ၄ ရက်နေ့ ကနေ ၆ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းကိုသွားခဲ့ပြီး၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့ တွေက ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပါ တယ်။
တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းနဲ့ သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပြီး မဟာမိတ်အဖွဲ့တွေ ပိုမိုခိုင်မာဖို့၊ အချင်းချင်းစည်းလုံးကြဖို့ကိစ္စတွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ KIO ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“MNDAA SSPP TNLA အဖွဲ့ တချို့သော ခေါင်းဆောင်တွေနဲ့တွေ့ပြီး အချင်းချင်းစည်းလုံးကြဖို့ တော်လှန် ရေး ခရီးစဉ်ကို အတူတကွလက်တွဲပြီး လျှောက်လှမ်းကြဖို့ကိစ္စတွေပြောတာရှိပါတယ်။ သဘောထားရယူခြင်းတွေ၊ အစည်းအဝေးဆုံးဖြတ်ချက်တွေကတော့ မရှိပါဘူး။ တစ်ဖွဲ့ချင်းတွေ့တာပဲ ဖြစ်ပါတယ်။ အချင်းချင်း မဟာမိတ်တွေကို ပိုပြီးခိုင်မာအောင်လုပ်ကြဖို့ ပြောတာပဲဖြစ်ပါတယ်”
ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ခရီးစဉ်မှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသက KIA တပ်ရင်း တပ်ဖွဲ့ တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူတွေ့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံချိန်မှာလည်း ရှမ်း၊ ကချင်၊ တအာင်း တိုင်းရင်းသားတွေ ညီညီညီညွတ်ညွတ်နေထိုင်ကြဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တင်းမာမှု တွေမြင့်တက်နေတဲ့အခြေအနေတွေကိုလျှော့ချနိုင်ဖို့ လာရောက်တာဖြစ်နိုင်တယ်လို့ လားရှိုးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကလာတာကဗျာ ကိုးကန့်နဲ့ တအာင်းနဲ့က နယ်မြေပြဿနာပေါ်မှာ အခြေခံပြီး တိုက်ပွဲတွေဖြစ်ပြီး တော့ ကွတ်ခိုင်ကို TNLA က လက်လွှတ်လိုက်ရတယ်လေ။ ပြီးတော့ KIA နဲ့ ကိုးကန့်၊ KIA နဲ့ TNLA တို့ကြားမှာလည်း နယ်မြေပြဿနာတွေရှိတယ်။ အဲဒီတော့ သူတို့ မဟာမိတ်အချင်းချင်း ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ပေါ့ဗျာ။ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်တဲ့ ပဋိပက္ခပေါ်မှာအခြေခံပြီးတော့ ဒေသခံလူထုကြားထဲမှာလည်း အမုန်းတရားတွေမဖြစ်အောင် EAO ခေါင်းဆောင်ပိုင်းတွေအချင်းချင်း ညှိနှိုင်းတွေ့ဆုံကြတာပေါ့”
ပြီးခဲ့တဲ့မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကွတ်ခိုင်မြို့ကို တအာင်းတပ်ဖွဲ့ (TNLA) ဆီကနေ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းယူပြီးနောက် ပြည်ထောင်စုလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေကိုပါ ဖယ်ရှားပေးထားရပါတယ်။
