ပြန်လည်သင့်မြတ်ရေးအတွက် လွတ်ငြိမ်းခွင့်စဉ်းစားမယ်လို့ ဦးမင်းအောင်လှိုင်ပြော

ပြန်လည်သင့်မြတ်ရေးအတွက် ထိုက်သင့်တဲ့ စ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေကို စဉ်းစားဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့က သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုအပြီး မိန့်ခွန်းမှာထည့်သွင်းပြောဆိုပါတယ်။

လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှု၊ ငြိမ်ချမ်းရေးကို အထောက်အကူပြုဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ရည်ရွယ်ပြီး လွတ်ငြိမ်းခွင့်ကိုစဉ်းစားဆောင်ရွက်မှာလို့ သူဆိုပါတယ်။

လွတ်ငြိမ်းခွင့်ပေးတဲ့နေရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့လို အရေးပါတဲ့ပုဂ္ဂိုလ်တွေကို လွှတ်မပေးဘဲချန်ထားရင်တော့ စစ်မှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲတဲ့ အခြေခံမဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်က RFA ကိုပြောပါတယ်။

“သူတို့ရဲ့ လက်ရှိအစိုးရဖွဲ့စည်းပုံတွေကိုကြည့်ရင် လုပ်ရပ်အနေနဲ့ကတော့ သိပ်တော့မမျှော်လင့်ပါဘူး။ သို့သော်လည်း ပြောနေတဲ့စကားတွေအရတော့ တစ်စုံတရာ ပြုပြင်ပြောင်းလဲရေးလုပ်လာနိုင်မလားဆိုတာ အရိပ်အယောင်တွေ့ရပါတယ်။ ဖြစ်နိုင်ရင် စိတ်ရင်းစေတနာနဲ့ လုပ်စေချင်ပါတယ်။ အင်မတန်အရေးကြီးတဲ့အချက်တွေကို ချန်လှပ်ပြီးတော့ ကျန်တဲ့အပိုင်းတွေကိုပဲလုပ်ပေးမယ် တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်တကွ သမ္မတကြီးတို့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေကိုချန်လှပ်ပြီးတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေကိုပဲ လွှတ်ပေးမယ်ဆိုရင် ဒါဟာစစ်မှန်တဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အခြေခံ မဖြစ်နိုင်ပါဘူး”

စစ်အာဏာသိမ်းလို့ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿာနာတွေကို ဖြေရှင်းတဲ့အခါ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ပြေလည်ရေးလမ်းစမရနိုင်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့ NLD ပါတီကတောင်းဆိုထားပါတယ်။

NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ကလည်း မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီလ ၁၇) ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

ပန်းတွေ ကိုင်ဆောင်တာ၊ ပန်ဆင်ထားတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးလွတ်မြောက်ဖို့၊ မြန်မာနိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းဝေးဖို့ ဆုတောင်းစကားတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာတွေမှာ တစ်မိနစ်စာရုပ်သံဗီဒီယိုတွေ တင်ကြဖို့ လှုံဆော်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၁၀ ရက်နေ့အထိ စာရင်း တွေအရ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး လူပေါင်းနှစ်သောင်းနှစ်ထောင်ကျော် (၂၂၁၇၀ ဦး) ဆက်လက် ဖမ်းဆီး ခံထားရဆဲ ဖြစ်ပါတယ်။