စစ်ကောင်စီကို အချက်အလက်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တယ်လီနောမြန်မာတရားစွဲခံနေရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တယ်လီနောမြန်မာဆက်သွယ်ရေးလိုင်းကိုအသုံးပြုတဲ့ သူ ၁၂၀၀ ကျော်ရဲ့ အချက်အလက်တွေကို စစ်ကောင်စီကိုပေးလိုက်တဲ့အတွက် သူတို့ကိုယ်စား ဆွီဒင်နိုင်ငံအခြေစိုက် Justice and Accountability Initiative ဆိုတဲ့ရှေ့နေအဖွဲ့တစ်ဖွဲ့က တယ်လီနောကုမ္ပဏီကို နော်ဝေနိုင်ငံမှာတရားစွဲလိုက်တယ်လို့ ရိုက်တာစ်သတင်းမှာ ၈ ရက်နေ့ကဖော်ပြထားပါတယ်။

တယ်လီနောဟာ စစ်ကောင်စီကိုဆန့်ကျင်သူတွေအဖြစ်သံသယရှိထားတဲ့သူတွေရဲ့ ဖုန်းဆက်ထားတဲ့မှတ်တမ်းတွေ၊ တည်နေရာတွေကိုထုတ်ပေးခဲ့တဲ့အတွက် ထင်ရှားတဲ့အတိုက်အခံတစ်ယောက်ဖြစ်တဲ့ အဆိုတော် ဇေယျာသော် အဖမ်းခံရ၊ သေဒဏ်စီရင်ခံရတယ်လို့ဆိုပါတယ်။

ဒါကြောင့် လျှို့ဝှက်ချက်ဖောက်ချခံလိုက်ရတဲ့သူတွေအတွက် တယ်လီနောကုမ္ပဏီအနေနဲ့ တစ်ယောက်ကို ယူရိုငွေ ကိုးထောင်ဆီနစ်နာကြေးပေးရမယ်လို့တောင်းဆိုထားပါတယ်။

တယ်လီနောမြန်မာဟာ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေထိန်းသိမ်းဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ဆေးအရေးယူပေးဖို့ မြန်မာနိုင်ငံသားတစ်ယောက်က နော်ဝေအစိုးရရဲ့ Norwegian Data Protection Authority အချက်အလက်ကာကွယ်ရေးဌာနကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်ကဦးတိုက်လျှောက်ထားခဲ့ပါသေးတယ်။

တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစလို့ ရင်းနှီးမြှုပ်နှံခဲ့ပြီး သုံးစွဲတဲ့သူ ၁၈ သန်းကျော်ရှိခဲ့ပါတယ်။