နတ်တလင်းမှာ စစ်ဘေးဒုက္ခသည် ခုနှစ်ထောင်ခန့် အရေးပေါ်အကူအညီလိုအပ်နေ

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ကရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး တိုက်ခိုက် နေတာကြောင့် အရပ်သားတွေထွက်ပြေးနေရပြီး လူပေါင်း ခုနစ်ထောင်လောက် အရေးပေါ်အကူအညီလိုအပ်နေပါတယ်။

စစ်ကော်မရှင်တပ်က ဧပြီ ၉ ရက်နေ့အထိ အင်အား နှစ်ရာလောက်နဲ့ စစ်ကြောင်းသုံးကြောင်း ခွဲပြီး ရွာတွေထဲ ဝင်ရောက်တိုက်ခိုက်နေတာလို့ နတ်တလင်းဒေသခံတွေက ပြောပါတယ်။ ကန်သာယာ၊ ညောင်ဝိုင်း၊ ကျောက်စွယ်၊ ကျောက်ခွက်၊ အိုးဖိုကုန်း၊ ရေနံကုန်း၊ ညောင်ဝိုင်း စတဲ့ ရွာပေါင်းနှစ်ဆယ်နီးပါးက ဒေသခံတွေထွက်ပြေးနေရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းကနေ လက်ရှိအချိန်အထိ စစ်ကြောင်းဝင်ရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ နတ်တလင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နတ်တလင်းစစ်ဘေးရှောင်တွေက အရမ်းခက်ခဲနေပါတယ်။ ဖလံပင်ရွာဆို မီးရှို့ခံရတာက မတ်လ လဝက် လောက်ထဲက အခုထိ။ ဘယ်သူမှအကူအညီမပေးကြပါဘူး။ ပြည်သူတွေ အတိဒုက္ခရောက်နေတာ ကူညီကြပါ လို့ အော်နေရတာ တော်တော်လေးဝမ်းနည်းစရာတွေပါရှင့်။ သေသူကသေ ငတ်သူကငတ်နဲ့ တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်”

စစ်ကော်မရှင်တပ်ဟာရွာတွေဝင်ပြီးအိမ်မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လူသားဒိုင်းအနေနဲ့ဖမ်းဆီးတာတွေရှိနေသလို စက်တပ်လေထီး၊ ဒရုန်းတွေနဲ့ပါတိုက်ခိုက်နေတာလို့လည်း ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဧပြီလ ၆ ရက်နေ့က ပဲမခမ်းရွာမှာ ဒေသခံ နှစ်ယောက် သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဧပြီလ ၅ ရက်နေ့က ကန်သာယာရွာခံ တစ်ရာနီးပါး ဖမ်းဆီးခံခဲ့ ရတယ်လို့ ပြောပါ တယ်။ ဒုက္ခသည်တွေဟာ ရာသီဥတုပူပြင်းချိန်မှာ ရေရှားပါးမှုကိုလည်းရင်ဆိုင်နေရပြီး စားသောက်စရာနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်နေတာဖြစ်ပါတယ်။