မြစ်ဆုံစီမံကိန်းအမြန်ဆုံးစတင်နိုင်ဖို့ အသွင်ပြောင်းအစိုးရ ခြေလှမ်းပြင်နေ

၁၄ နှစ်ကျော်ရပ်နားထားတဲ့ တရုတ်အစိုးရရဲ့မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့ အာဏာသိမ်းစစ်တပ်အစိုးရအဖွဲ့က လှုပ်ရှားနေတဲ့အပေါ် ဒေသခံတွေစိုးရိမ်နေကြပါတယ်။

အာဏာသိမ်းစစ်တပ်ဦးဆောင်တဲ့အစိုးရအဖွဲ့က ဧရာဝတီမြစ်ဆုံစီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်း စီမံကိန်းအမြန်ဆုံးပြန်လည်စတင်နိုင်ဖို့ ဒေသခံလူထုကို ဆက်တိုက်တွေ့ဆုံစည်းရုံးနေပါတယ်။ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စီမံကိန်းကို ဒီနှစ်ထဲမှာစတင်နိုင်ဖို့ ပြင်ဆင်နေတာကြောင့်မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။

" အခု ဒီနှစ်ကစပြီးမြစ်ဆုံစီမံကိန်းကို တရုတ်နဲ့ စစ်ကော်မရှင်က ပြန်လုပ်ဆိုပြီး ခဏ ခဏ မြစ်ကြီးနားမှာဟောပြောပွဲတွေလုပ်နေတယ်။ ကျွန်မတို့ မြစ်ဆုံဒေသခံတွေကတော့ စိတ်ညစ်တယ်။စီမံကိန်းကြောင့်လည်း ကိုယ့်ရပ်ရွာဒေသက ပြောင်းရွှေ့ခံထားရတယ်။ အခုအချိန်မှာမြစ်ဆုံကို ပြန်လုပ်မယ်ဆိုတော့ နိုင်ငံရေးပိုရှုတ် လာမှာကိုလည်းစိုးရိမ်တယ်။ အခုထက်ပိုပြီး နေထိုင်စားသောက်ရေးပိုခက်ခဲလာမလားပေါ့”

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဒုစစ်ဦးစီးချုပ်ဟောင်းရဲ့မြစ်ကြီးနားခရီးစဉ်မှာ မြစ်ဆုံရေကာတာဆည် ရဲ့ အမြင့်ကိုလျှော့ချပြီး ၈ ဒသမ ၅မဂ္ဂနီကျူ ငလျင်ပြင်းအားကိုခံနိုင်အောင်တည်ဆောက်သွားမယ်လို့ လူထုကိုထုတ်ပြောခဲ့ပါတယ်။ ခွင့်ပြုထားတဲ့စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲကန့်ကွက်ရင်တည်ဆဲဥပဒေ အတိုင်း အရေးယူမယ်လို့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ‌ရေးကောင်စီရုံးကအဲဒီနေ့မှာပဲ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်ရေကာတာစီမံကိန်းမဆို တွက်ချက်မှုတွေဟာ လက်တွေ့နဲ့ကွဲလွဲမှုရှိတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင် ဦးဇုန်းတိန့်က RFA ကိုပြောပါတယ်။

“ကမ္ဘာမှာ ဘယ်ဆည်လုပ်လိုက်တိုင်း သူတို့တွက်ချက်တာတွေနဲ့တကယ့်လက်တွေ့မှာ သူ့အတိုင်း အမှန် တကယ်မဖြစ်ဘူးဆိုတာကိုတွေ့ရတယ်။ အခုတရုတ်ကလည်းသူတို့မှာ နှစ်တိုင်းဆည်ကျိုးပေါက်ပြီး ပြည်သူတွေ သိန်းသန်းချီပြီးမှဒုက္ခရောက်တာ။ ကျွန်တော်တို့နှစ်တိုင်း မိုးတွင်းတိုင်းတွေ့ရတယ်။ အခုလာမဲ့ နှစ်လည်းတွေ့ရ ဦးမှာပဲ။ ဆိုလိုတာက နည်းပညာဆိုတာကို သဘာဝတရားကလုံးဝကျော်လွန်နိုင်တယ်"

စီမံကိန်းကြောင့် သဘာဝဘေးအန္တရာယ်အပြင် တိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းဆိုင်ရာ ယဉ်ကျေးမှုအမွေ အနှစ်တွေမှေးမှိန်သွားမှာကိုမလိုလားဘူးလို့ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ လူမှုသိပ္ပံဘာသာရပ်သင်ယူနေတဲ့ ကချင်လူငယ်ကိုဇောင်မျိုးမိုင်က RFA ကိုပြောပါတယ်။

“ပုံမှန်လူတွေကြည့်ရင်တော့မြစ်လေးမှာ ဆည်လေးတည်လိုက်တာ ဘာများဖြစ်သွားမှာလည်းပေါ့။ ဒါပေမဲ့ တကယ်တမ်းလူသားမျိုးနွယ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပဲဖြစ်ဖြစ် ယဉ်ကျေးမှုဆိုင်ရာကျွမ်းကျင်ပညာ ဘက်ကကြည့်ရင်လည်း ဒါက ဒြပ်ရှိရောဒြပ်မဲ့ရော လက်ရှိအနေအထားမှာရှိနေတဲ့ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေကို အကုန်လုံးခြိမ်းခြောက်လိုက်တာ။အဲဒီတော့ဘာဖြစ်နိုင်လဲဆိုတော့ ကချင်ဆိုတဲ့တည်ရှိမှုက မှေးမှိန်သွားနိုင်တယ်"

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြီးခဲ့တဲ့နှစ်ကဒုတိယအကြိမ်မြောက်တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မဲ့နားလည်မှုစာချွန်လွှာ ၇ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီထဲမှာ ကချင်ပြည်နယ်ကိုကြားခံပြီး တရုတ်နဲ့ အိန္ဒိယကို ဆက်သွယ်မဲ့ လီဒိုအဝေးပြေးကားလမ်းဖောက်မယ့်စီမံကိန်းနဲ့ မြစ်ဆုံစီမံကိန်းလည်း ပါဝင် ပါတယ်။ ဒါကြောင့် KIA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့အပေါ် နိုင်ငံရေးဖိအားရှိလာနိုင်တယ်လို့ ဒေသခံတွေနဲ့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ရင် ပြည်သူတွေရဲ့ ဆန္ဒကအဓိကဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“အရင်ကလည်း ပြည်သူလူထုရဲ့ဆန္ဒကိုအဓိကထားပြီးမှ ရပ်ဆိုင်းခဲ့တဲ့စီမံကိန်းဖြစ်ပါတယ်။ အခုလည်းပြည်သူလူထုရဲ့အင်အားကိုတော့ ယူရမှာ။ ကျွန်တော်တို့ KIO အနေနဲ့လည်းပြည်သူလူထုရဲ့ဆန္ဒကိုတော့ အလေးထားကြောင်း ပြောလိုပါတယ်။ကျွန်တော်တို့သီးသန့်အခုထိတော့ ပြောထားတာမရှိသေးပါဘူး"

တရုတ်အကျိုးစီပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကိုအကြောင်းပြုပြီးကချင်စစ်မျက်နှာမှာ နိုင်ငံရေးဖိအားနဲ့ တိုက်ပွဲ အရှိန်ထိန်းထားနိုင်ဖို့စစ်ခေါင်းဆောင်ဟောင်းကကြိုးပမ်းနေတာလို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။