ရေနံတိုးထုတ်ဖို့ တရုတ်ကုမ္ပဏီနဲ့ အသွင်ပြောင်းအစိုးရ သဘောတူလက်မှတ်ထိုး

မကွေးတိုင်း မင်းဘူးမြို့နယ် ထောက်ရှာပင်-ကမ်းနီမှာ ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ စစ်ကော်မရှင်အသွင်ပြောင်းအစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံအခြေ စိုက် North Petro-Chem Corporation (Myanmar) တို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဧပြီလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

စစ်ကော်မရှင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါင်းပြီး အသွင်ပြောင်းအစိုးရဖွဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာပဲ တရုတ်ကုမ္ပဏီနဲ့လက်မှတ်ရေးထိုးခဲ့တာတွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့စက်သုံးဆီသုံးစွဲမှု ၉၇ ရာခိုင်နှုန်းကို ပြည်ပကဝယ်ယူတင်သွင်းနေရတာကြောင့် လက်ရှိစက်သုံးဆီအကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့အတွက် ရေနံစိမ်းတိုးထုတ်ဖို့ ကြိုးပမ်းတာလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဘက်က ပြောပါတယ်။ ထွက်လာတဲ့ရေနံစိမ်းတွေကို ဝန်ကြီးဌာနနဲ့ တရုတ်ကုမ္ပဏီတို့ ဘယ်လိုခွဲဝေရယူမယ်ဆိုတဲ့ အသေး စိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမတွေ့ရသေးပါဘူး။

တရုတ်ကုမ္ပဏီကရေနံထုတ်မဲ့ ထောက်ရှာပင်-ကမ်းနီရေနံမြေဟာ သက်တမ်းနှစ် ၅၀ ခန့် ရှိတဲ့ ရေနံမြေတစ်ခုဖြစ်ပြီး တွင်းပေါင်း (၁၂၄) တွင်းကနေ တစ်ရက်ကို ရေနံစိမ်းစည်ပေပါ ၄၄၀ ဝန်းကျင်နဲ့ သဘာဝဓာတ်ငွေ့ (၀.၀၄၅) ကုဗပေသန်းဝန်းကျင်ထုတ်ယူရရှိနေတယ်လို့ အာဏာမသိမ်းခင်က အစိုးရရဲ့သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်းမှာ ထောက်ရှာပင်-ကမ်းနီရေနံမြေအပါအဝင် ရေနံမြေ ၇ ခုရှိပြီး တစ်နှစ်ကို ရေနံစိမ်း စည်ပေပါ ၂၁ သိန်းကျော်ထွက်ရှိတယ်လို့ ၂ဝ၂ဝ ခုနှစ်ကထုတ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။