စစ်တပ်တိုက်ခိုက်မှုကြောင့် တောင်သာဒေသခံ ရှစ်ဦး သေဆုံးပြီး အိမ်သုံးရာလောက် မီးရှို့ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာတွေကို ဧပြီလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာကြောင့်ရွာသား ရှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသလို၊ အိမ် သုံးရာလောက် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါ တယ်။

ရုံးစည်ကြီး-တောင်သာ လမ်းပိုင်းကို ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ အဲဒီရွာတွေက နေအိမ်​တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရှို့တာတော့ မဲတောလည်း တော်တော်လေးပါသွားတယ်။ နေအိမ် ကိုးဆယ်လောက်ပါသွားတယ်ဗျ။ သံဘိုမှာနောက်ထပ် ထပ်ရှို့တာ အိမ်ခြေ ၄၇ အိမ် ရှိတယ်။ ဒီဧပြီလအတွင်းကို အိမ်ခြေ သုံးရာကျော် မီးရှို့ခံရတယ်”

ပန်းပေါင်း၊ မဲတော၊ သံဘိုရွာတွေကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာ၊ မိတ္ထီလာလေတပ်ကနေ စက်တပ်လေထီးတွေနဲ့တိုက်ခိုက်တာအပါအဝင် စစ်ကြောင်းထိုးတိုက်ခိုက်တယ်လို့ ဆိုပါတယ်။ လက်ရှိ မီးရှို့ခံထားရတဲ့ကျေးရွာ သုံးရွာက လူဦးရေ ၄,၇၀၀ လောက် ဘေးလွတ်ရာထွက်ပြေးနေရပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ပြောပါတယ်။

မန္တလေးတိုင်းထဲ စစ်ရေးပြင်းထန်ခဲ့တဲ့ ပြင်ဦးလွင်ခရိုင်ကို စစ်တပ်က နယ်မြေစိုးမိုးနိုင်ခဲ့ပြီးနောက် တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာဘက်ကိုလည်း နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးတိုက်ခိုက်နေတာလို့ပြောပါတယ်။