လေကြောင်းတိုက်ခိုက်ခံရလို့ ဘီးလင်းဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကော်မရှင်တပ်ဟာ ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ တာကြောင့် ရွာပေါင်း ၁၃ ရွာက ဒေသခံ တစ်သောင်းသုံးထောင်ကျော် (၁၃,၀၂၆) ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ ၂၆ ကြိမ် ဗုံးကြဲခဲ့သလို အော်လီဂန်းနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ရွာပေါင်း ၁၃ ရွာမှာရှိတဲ့ အိမ်ခြေ နှစ်ထောင်ကျော် (၂,၂၅၄) က ဒေသခံ ၁၃,၀၀၀ ကျော် (၁၃,၀၂၆) အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်က ဒေသခံတစ်ဦးက မြန်မာ့ရိုးရာသင်္ကြန်ကာလမှာ စစ်ဘေးတိမ်းရှောင်နေရတာ ခက်ခဲတဲ့အကြောင်း RFA ကိုပြောပါတယ်။

“တခြားသူတွေပျော်နေချိန် ဘုရားသွားကျောင်းတက်ကုသိုလ်ယူနေချိန် မြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ တကယ့်အချိန်ကြီးမှာ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ဗုံးကြဲနေတာကတော့ လွန်လွန်းပါတယ်ဗျာ။ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ နောက်တက်လာတဲ့ စစ်ဦးစီးချုပ်က မင်းအောင်လှိုင်ထက်ပိုပြီး လက်စောင်းထက်ပြချင်တာမျိုးလား၊ ကြမ်းပြချင်တာမျိုးလား၊ မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလကြီးမှာ ဒုက္ခသည်အဖြစ်နဲ့ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် ခါးသီးရလွန်းပါတယ်ဗျာ၊ ရာသီဥတုကလဲ ပူလွန်းတော့ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေမပြောနဲ့ လူငယ် လူလတ်ပိုင်းတွေတောင် ခံနိုင်တာမဟုတ်ဘူး”

KNU ထုတ်ပြန်ချက်အရ ဝင်းတာပန်ကျေးရွာအုပ်စုက လူဦးရေ နှစ်ထောင်နီးပါး၊ မြစ်ကျိုးကျေးရွာ အုပ်စုက ဒေသခံ ခုနစ်ထောင်ကျော်နဲ့ မင်းစောကျေးရွာအုပ်စုက လူဦးရေ လေးထောင်ဝန်းကျင်ထွက်ပြေးနေရတာပါ။

ကရင်အမျိုးသားအစည်းအရုံး၊ (KNU) ကတော့ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကော်မရှင်လက်အောက်ခံ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာ ဝန်ကြီး ဦးတင်ဇော်ထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လအထိ စာရင်းတွေအရ စစ်ရေးပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေး ရသူ ၃ ဒသမ ၆ သန်းကျော်အထိ ရှိနေပါတယ်။