ဘီးလင်းက စစ်တပ်ရဲ့လေးကေစခန်း ဒုတပ်ရင်းမှူးကို တော်လှန်ရေးအဖွဲ့တွေဖမ်းမိ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်က စစ်တပ်ရဲ့လေးကေစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဧပြီ ၁၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးနဲ့ အခြားအဆင့်တစ်ဦးကို စစ်လက်နက်ခဲယမ်းတွေနဲ့အတူ လက်ရဖမ်းဆီးမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဆယ်ဦးလောက်လည်း ဒဏ်ရာရပြီးစခန်းကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ပူးပေါင်းတိုက်ခိုက်ရာ မှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲဟာ ဧပြီ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ခြောက်ရက်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက် က ငါးဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်မှာလည်း ထိခိုက်ဆုံးရှုံးတာတွေရှိခဲ့ပေမဲ့အတိအကျကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူး။

KNLA၊ ABSDF နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ အထူးတိုင်းစစ်ဌာနနည်း ဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ကတပ်ရင်းတွေ၊ နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ကတပ်ရင်းတွေအပြင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။