မြစ်ခြေမှာ အိမ်တစ်ထောင်ကျော်မီးရှို့ခံရပြီး လူ ၂၀ ကျော်အသတ်ခံရ

မြစ်ခြေကို စစ်တပ်ကမီးရှို့တာ အကြိမ်ကြိမ်ရှိခဲ့တဲ့အတွက် ဒေသခံတွေ အရေးပေါ်အကူအညီလိုနေကြပါတယ်။

ပုဂံ၊ ညောင်ဦး တစ်ဖက်ကမ်း မကွေးတိုင်း၊ မြစ်ခြေမြို့ကို ညောင်ဦးမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ - ၄၁၅) က မေလ ၁၂ ရက်နေ့ထဲကစပြီး အင်အား ၅၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့သလို၊ မီးရှို့ပြီး ပြန်ထွက် သွားတဲ့အချိန်မှာ ရွာသားအယောက် ၂၀ ကျော် သတ်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထွက်မပြေးနိုင်တဲ့ လူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပခုက္ကူမြို့နယ် လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ခံ ကိုစိုးထွဋ်ဝင်း က RFA ကို ပြောပါတယ်။

“ပြည်သူက ဒီ စစ်ကြောင်းကြီးလာတာကို ကြောက်တယ်လန့်တယ် ဆိုတော့ စစ်ရှောင်ကြတယ်။ အဲအချိန်မှာ သက်ကြီးရွယ်အိုနဲ့ မိန်းမတွေ အချို့ ကျန်ခဲ့တယ်။ အဲပြည်သူတွေကို တွေ့တော့ သူတို့က သတ်တယ် ဒီသဘော တရားပဲ။ ပြည်သူအလောင်းကတော့ ၂၀ ကျော်လောက်ရှိမယ်ဗျ”

စစ်တပ်က ဇွန်လ ၂ ရက်နေ့ မြို့ပေါ်ကနေ ဆုတ်ခွာသွားတဲ့အချိန် မြစ်ခြေမြို့ပေါ်က ဆွဲကြီးရပ်ကွက်မှာ ဒေသခံ တွေရဲ့ရုပ်အလောင်းတွေရော၊ စစ်သားအလောင်းတွေ နဲ့ မိုင်းတွေကို သုံးရက်လောက် ရှင်းလင်းခဲ့ရတယ်လို့ ပြောပါတယ်။

မြစ်ခြေမြို့ဟာ မြို့ပျက်ကြီးတစ်ခုလို ဖြစ်သွားခဲ့ရတယ်လို့ မျက်မြင်ဒေသခံတစ်ယောက်က RFA ကို ပြောပါ တယ်။

“ဒီကောင်တွေ လမ်းမပေါ်တွေမှာလည်း သတ်ထားတယ်။ အိမ်တွေထဲမှာလည်း သတ်ထားတယ်။ အိမ်တွေထဲမှာ သေတဲ့ဟာတွေကို မနေ့ကကို သုံးလောင်းတွေ့တယ်။ မြင်ရတာ မကောင်းဘူးပေါ့ဗျာ။ ဈေးကလည်း တစ်ဈေး လုံး နီးနီးလောက် ပါသွားတယ်။ မြို့ပျက်ကြီးပုံစံမျိုးကြီးပေါ့”

မြစ်ခြေဈေး၊ မြို့မ ရပ်ကွက်၊ မြို့သစ် ရပ်ကွက်၊ ဆွဲကြီးရပ်ကွက်၊ ရွာသာအေးရွာ၊ ဖိုလ်ကုန်းရွာ နဲ့ ထနောင်းကုန်း ရွာ စတဲ့နေရာတွေက အများဆုံး မီးရှို့ခံလိုက်ရပြီး အဆောက်အအုံပေါင်း တစ်ထောင်ထက်မနည်း ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။ မြို့ပေါ် ဆိုင်တွေလည်း ဖောက်ထွင်းခံထားရပြီး အိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းဝန်းထဲမှာလည်း မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရ တယ်လို့ ပြောပါတယ်။

အဲဒီ ရုပ်အလောင်းတွေဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်တော့သလို ပျောက်နေတဲ့သူတွေလည်းရှိတာကြောင့် သေဆုံးမတဲ့ဦးရေ တိုးလာနိုင်တယ်လို့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

“အရေအတွက်က များလောက်တယ်။ ဘာလို့လဲဆိုတော့ လောလောဆယ်ရှာမတွေ့သေးတဲ့ အလောင်းတွေကများနေတာကို။ ရှာမတွေ့တာက ဟိုဘက်ကိုဖမ်းခေါ်သွားလို့လား ဒါမှမဟုတ် ဘယ်လိုမှန်းကို မသိဘူး။ သေတဲ့အထဲလည်း လူဦးရေပျောက်တဲ့စာရင်းကကွာနေတာလေ။”

လက်ရှိအချိန်မှာ ဘေးလွတ်ရာထွက်ပြေးနေရတဲ့သူ နှစ်သောင်းလောက်ရှိပြီး၊ အိမ်နဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးရသလို မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ အသိမိတ်ဆွေတွေလည်း သတ်ဖြတ်ခံလိုက်ရလို့၊ အိမ်ပြန်နေဖို့ အခက်အခဲရှိနေကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။

မြစ်ခြေကို စစ်တပ်ကမီးရှို့တာ အကြိမ်ကြိမ်ရှိခဲ့တဲ့အတွက် ဒေသခံတွေမှာ အရေးပေါ်အကူအညီလိုနေကြပါတယ်။

မြစ်ခြေမြို့ဟာ မကွေးတိုင်း ပခုက္ကူမြို့နဲ့ ၁၉ မိုင်လောက်ပဲဝေးပြီး၊ ပုဂံ/ညောင်ဦးမြို့နဲ့ဆို ဧရာဝတီမြစ် တစ်ဖက် ကမ်းမှာ တည်ရှိပါတယ်။ ဒေသခံတွေက စိုက်ပျိုးရေးနဲ့ အဓိက အသက်မွေး နေထိုင်ကြတဲ့ နယ်မြို့လေးဖြစ်ပါ တယ်။