မန္တလေးတိုင်း တံတားဦး၊ အမရပူရနဲ့ စဉ့်ကိုင်မြို့နယ်တွေက ကျေးရွာ ၁၀ ရွာ ထက်မနည်း ရေဘေးကြုံနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ဩဂုတ်လ ၁၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။
လတ်တလောမှာ မြစ်ကမ်းချောင်းဘေးကျေးရွာတွေ အများစုမှာ ရေကြီးနေတယ်လို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ မန္တလေးတိုင်း ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ မြေပြင်အခြေအနေအရတချို့ ကျေးရွာတွေမှာ အိမ်ခေါင်မိုး မမြုပ်ရုံအထိ ရောက်တယ်။ အချို့နေရာတွေက ခါးလောက်၊ တစ်ချို့နေရာတွေက လူတစ်ရပ် ရောက်တယ်။ တစ်ရွာနဲ့ တစ်ရွာ မတူဘူးပေါ့လေ။ မနေ့(ဩဂုတ် ၁၀ရက်)ကစလို့ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတယ်”
ဩဂုတ် ၁၀ ရက်နေ့ကစပြီး ဒုဋ္ဌဝတီမြစ်ရေတက်လာတာကြောင့် အမရပူရမြို့နယ်ထဲက ရွာ ၄ ရွာ နဲ့ စဉ့်ကိုင်မြို့နယ်ထဲက ရွာ ၄ ရွာ ရေကြီးရေလျှံနေတယ်လို့ ဆိုပါတယ်။
အလားတူ တံတားဦးမြို့နယ်မှာလည်း မိုးကြီးနေတာကြောင့် ဧရာဝတီမြစ်ကမ်း နဲ့ ဒုဋ္ဌဝတီမြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံနေတယ်လို့လည်း ပြောပါတယ်။
တံတားဦးမြို့နယ်က ဘလဲ့ဘကျေးရွာ၊ ဈေးချိုကျေးရွာ၊ ဥတည်ကျေးရွာ၊ ပန်းယျကျေးရွာ၊ ကန်ချောကျေးရွာ၊ ဟံသာဝတီကျေးရွာ၊ မီးသွေးတိုက်ကျေးရွာနဲ့ ငါးရာပြားကျေးရွာတို့မှာ ရေဝင်ရောက်နေတယ်လို့ စစ်တပ်ခန့် အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဥ် ရက်ဆက် မိုးကြီးတာနဲ့ ဆည်ရေဖောက်ထုတ်တာတွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတို့က မြို့နယ်ပေါင်း ၂၀ မှာ ရေကြီး ရေလျှံနေပြီး လူဦးရေ စုစုပေါင်း လေးသိန်းခွဲကျော်(၄၅၂,၁၆၃ ဦး) ရေဘေးသင့်နေပါတယ်။
