အပစ်ခတ်ရပ်တဲ့နေ့ကို သတ်မှတ်ပေးဖို့ လိုအပ်


2016-09-01
Share
ayemaung-21panglong-620.jpg နေပြည်တော်မှာ စက်တင်ဘာလ ၁ ရက်နေ့ကကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယမြောက်နေ့မှာ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

၂၁ ပင်လုံညီလာခံမှာ AA (ရက္ခိုင့်တပ်မတော်) တအာင်း ပလောင် လွတ်မြောက်ရေးတပ်ဦး TNLA နဲ့  ကိုးကန့်  MNDAA အဖွဲ့တွေ မပါဝင်တဲ့အတွက် အားလုံးပါဝင်ရေးဆိုတဲ့မူကို ပြန်လည်သုံးသပ်ပေးဖို့နဲ့ အပစ်ခတ်ရပ်စဲ တဲ့ နေ့တစ်နေ့ကို သတ်မှတ်နိုင်ပါစေလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က တိုက်တွန်းလိုက် ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယမြောက်နေ့မှာ အဖွဲ့အသီးသီးက အနာဂတ် ဖက်ဒရယ်ပုံစံအပေါ် သဘောထားတွေကို တင်ပြဆွေးနွေးရာမှာ ဒေါက်တာအေးမောင်က ပြောခဲ့တာပါ။

"TNLA ၊ AA ၊ MNDAA တို့ကို အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့အတွက် စစ်မှန်တဲ့ပြည်ထောင်စုဆိုတဲ့မူ ကို ပြန်ချနိုင်ဖို့အတွက် အားလုံးဖိတ်ခေါ်နိုင်ဖို့ ဒီညီလာခံကနေ ကြိုးစားပေးပါ၊ ဒီညီလာခံပြီးတဲ့နေ့ မှာ ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့အတွက် အပစ်ခတ်ရပ်စဲတဲ့နေ့တစ်နေ့ကို သတ်မှတ်နိုင်ပါစေလို့ ကျနော်တို့ ရခိုင်အမျိုးသားပါတီက ဆန္ဒပြုပါတယ်"

ရခိုင်အမျိုးသားပါတီက လိုလားတဲ့ ဖက်ဒရယ်မူကို ဆွေးနွေးရာမှာ အချုပ်အခြာအာဏာဟာ ပြည်နယ်တွေထံက ဆင်းသက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကို တိုင်းရင်းသား တစ်မျိုးစီက အလှည့်ကျပုံစံမျိုး တာဝန်ထမ်းဆောင်ရ မှာဖြစ်ကြောင်း၊ ဖက်ဒရယ်တပ်မတော်ဟာ ပြည်နယ်တွေအပေါ်မှာ အခြေခံရမှာဖြစ်ကြောင်းနဲ့ အဲ့ဒီဖက်ဒရယ်တပ်ကို သမ္မတအောက်မှာ ထားရှိရမှာ ဖြစ်ကြောင်းတင်ပြခဲ့ပါတယ်။ ဒါ့အပြင် သယံဇာတကို သက်ဆိုင်ရာ အမျိုးသားပြည် နယ်တွေကသာ ပိုင်ဆိုင်ခွင့်ရှိရမယ်လို့ ဆွေးနွေးပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စစ်အာဏာရှင်လက်အောက် က လွတ်မြောက်ပြီး ဒီမိုကရေစီလမ်းစ ပြန်တွေ့တာအတွက်သာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က တင်ပြ ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ် စိုင်းထွန်းအေးက ၂ဝဝ၈ ဖွဲ့စည်းပုံဟာ တပ်မတော်ကို အထူးအခွင့်အရေး ပေးထားပြီး အနာဂတ်မှာ ဖွဲ့စည်းပုံအသစ် လိုအပ်ကြောင်း ဆွေးနွေးပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကိုယ်စားလှယ် ဦးမြင့်စိုးက လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်ရဲ့ အခြေခံဖြစ်တဲ့ အာဏာခွဲဝေကျင့်သုံးမှုကို အစဦးလုပ်ဆောင်ပေးထားတယ်လို့ ဆွေးနွေးပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေပြောတဲ့ ဗမာပြည်နယ် အပါအဝင် ၈ ပြည်နယ်ကို လက်မခံတဲ့ သဘောဆွေးနွေးပါတယ်။ တပ်မတော်ကိုယ်စားလှယ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး တင့်နိုင်အေးက ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ် ဝိသေသတွေ များစွာပါဝင်ကြောင်းနဲ့ တန်းတူရေးမှာလည်း လက်ရှိ အမျိုးသားလွှတ်တော်ဟာ တိုင်းနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုပြီး ကိုယ်စားလှယ် ၁၂ ဦးစီ ခွင့်ပြုထားကြောင်း၊ ဖက်ဒရယ်ကို ပြောရာမှာ လူမျိုးနဲ့ ပထဝီအပေါ် အခြေခံပြီးထားသင့်ကြောင်း ဆွေးနွေး ပါတယ်။

၂၁ ပင်လုံညီလာခံအပြီးမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ၆ လ တစ်ကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့