တတိယပင်လုံသဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု


2018.08.07
21panglong-secoundday-622.jpg ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ၂၀၁၈ ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: Thiha Tun

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကနေ ရရှိထားတဲ့ ပြည်ထောင်စုသဘောတူညီချက်ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၁ ရာစု တတိယပင်လုံအစည်းအဝေးမှာ ကဏ္ဍ လေးရပ်က အချက် ၁၄ ချက်ကို သဘောတူခဲ့တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ကို ပြည်ထောင် စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

"ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ် (၃)၊ အပိုဒ်ခွဲ (ဈ) မှာ UPDJC သည် ပြည်ထောင်စု သဘောတူ အစိတ်အပိုင်းများကို လည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ် တရပ်လုံး ကို လည်းကောင်း၊ အနီးဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက် ရယူနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဟူ၍ လည်းကောင်း ဖော်ပြပါရှိသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးမှာ လက်မှတ်ရေးထိုး ရရှိလာတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂ ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း ဖြစ်ပါတယ်"

ပြီးခဲ့တဲ့ တတိယပင်လုံအစည်းအဝေးမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ ကဏ္ဍလေးခု ကို ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေးကဏ္ဍမှာ အချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ တစ်ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်နဲ့ မြေယာနဲ့ သဘာဝပတ် ဝန်းကျင်ကဏ္ဍ ၂ ချက် စုစုပေါင်း ၁၄ ချက်ကို သဘောတူညီနိုင်ခဲ့ပေမယ့် လုံခြုံရေးကဏ္ဍကိုတော့ မဆွေးနွေးနိုင် ခဲ့ပါဘူး။

၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ သဘောတူညီချက် ၃၇ ချက် ရှိထားတဲ့အတွက် အခုဆိုရင် သဘောတူညီချက် ၅၁ ချက်ရှိသွားပြီဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ NCA လက်မှတ်ရေးထိုးပြီးနောက် ဒီဇင်ဘာလမှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

အရင်အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလနဲ့ အစိုးရသစ်လက်ထက် သြဂုတ်လမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာ သဘောတူညီချက်တွေ ချမှတ်နိုင်တာမရှိခဲ့ပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၂၀ ပြည့်နှစ် မတိုင်ခင်မှာ ဒီမိုကရေစီ ဖယ်ဒရယ် ဆိုင်ရာမူဝါဒတွေ အပြီးသတ်ဆွေးနွေးပြီး ငြိမ်းချမ်းရေးညီလာခံကို အနည်းဆုံး ၃ ကြိမ်ကျင်းပနိုင်ဖို့ တိုက်တွန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။