စစ်ကြောရေးမှာ သေဆုံးသူ ၂၄ ဦးထိ ရှိလာ

အေးအေးမွန် (အော်စလို)
2021.06.18

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုချိန်ထိ လေးလကျော် ကာလအတွင်း၊ ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ သာမန်အရပ်သားတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့စစ်တပ်က သံသယနဲ့ ဖမ်းဆီးနှိပ်စက် စစ်ဆေးတာကြောင့် စစ်ကြောရေး စခန်းတွေမှာ သေဆုံးသူ အရေအတွက်ဟာ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့အထိ ၂၄ ဦး ရှိသွားပါပြီ။

အခုနောက်ဆုံး စစ်ကြောရေးမှာ သေဆုံးသူ နှစ်ယောက်ကတော့ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာက ကိုချစ်ကိုနဲ့ ဦးစိန်ဝင်း တို့ဖြစ်ပါတယ်။

မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာမှာ အခုလ ၁၅ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးမြင့်ကျော်ကို အမည်မသိ လူနှစ်ယောက်က ဓားနဲ့ခုတ်ခဲ့တယ်ဆိုပြီး၊ အဲဒီနေ့မှာပဲ ကွမ်းစိုက်ရွာသား ၃၈ ယောက်ကို ရဲနဲ့ စစ်တပ်က ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

နောက်တစ်ရက် ဇွန်လ ၁၆ ရက်နေ့မှာ ကွမ်းစိုက်ရွာအနီး ရုပ်အလောင်း နှစ်ခုတွေ့ရတယ်၊ ရွာသားတွေ ကြည့်ခွင့်မရဘဲ စစ်တပ်က အလောင်းကောက်သွားတယ်ဆိုတဲ့ သတင်းတွေထွက်လာတာကြောင့် ကွမ်းစိုက်ရွာ ကျောင်းထိုင်ဘုန်းကြီးက မြင်းခြံမြို့ အမှတ် (၂) ရဲစခန်းကို သွားရောက်မေးမြန်းရာမှာ အဖမ်းခံရသူ ၃၈ ဦးထဲက ကိုချစ်ကို အသက် (၃၆)နှစ်နဲ့ ဦးစိန်ဝင်း အသက် (၅၅) နှစ်တို့ သေဆုံးသွားပြီလို့ ရဲက ပြန်ပြောခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့နယ်က ဒေသခံတစ်ယောက်က RFA ကို အခုလို ပြောပြပါတယ်။

“ကျောင်းထိုင် ဘုန်းကြီးကိုယ်တိုင်က သွားမေးတယ်။ သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို သွားတောင်းတယ်။ မပေးလိုက်ဘူး။ သင်္ဂြိုဟ်လိုက်ပြီလို့ ပြောတယ်။ သူတို့နဲ့အတူတူ ဖမ်းသွားတဲ့ သူတွေကလည်း ဦးစိန်ဝင်းနဲ့ ကိုချစ်ကိုတို့နဲ့ သူတို့ရှေ့တင်သတ်တာ မဟုတ်လို့ ခွဲစစ်တာမို့ မသိလိုက်ဘူးလို့ ပြောတယ်။ စစ်ကောင်စီ အနေနဲ့ ပြည်သူတွေအပေါ်ကို မတရားကြီး၊ သက်သေမခိုင်လုံဘဲ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်တာတွေကို ကမ္ဘာက သိစေချင်တယ်”

စစ်တပ်က သံသယရှိလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားရာကနေ စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ကိုချစ်ကိုရဲ့ ဖခင်ဟာ ကွမ်းစိုက်ရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

"ကျောင်းထိုင် ဘုန်းကြီးကိုယ်တိုင်က သွားမေးတယ်။ သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို သွားတောင်းတယ်။ မပေးလိုက်ဘူး"

အခုလို ကိုချစ်ကိုနဲ့ ဦးစိန်ဝင်းတို့ စစ်ကြောရေးမှာ အသက်ဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရပေမယ့် ကွမ်းစိုက်ရွာက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးမြင့်ကျော်ကို ဓားနဲ့ခုတ်ခဲ့တာဟာ၊ ကိုချစ်ကိုတို့ မဟုတ်ဘဲ သံသယနဲ့ စစ်ဆေးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့ခံတစ်ယောက်က ပြောပါတယ်။

“ဒီကိစ္စမှာ အမှုမှန်က တရားခံက သူလုပ်တာလို့ပြောပြီး ထွက်ပြေးသွားပြီ။ ကိုချစ်ကို တို့ကို စစ်ကြောရေးမှာ စစ်တာပါ။ အမှတ် ၂ ရဲစခန်းကို ခေါ်သွားတာ။ ရွာနှစ်ရွာကြားက အလောင်းက သူတို့ အလောင်းတွေလို့ အခု အတည်ပြုလို့ရပေမယ့် အလောင်းက ယူလို့မရဘူး၊ စစ်တပ်က ယူသွားပြီ“

ဓားနဲ့ခုတ်ခံခဲ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးမြင့်ကျော်ကတော့ လောလောဆယ် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ မြင်းခြံမြို့ခံတွေက ပြောပါတယ်။

လတ်တလောမှာတော့ ကျေးရွာအထက်တန်းကျောင်းမှာ စစ်တပ်က လာပြီးတပ်စွဲထားလို့ စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ကိုချစ်ကိုရဲ့ ဖခင်ဖြစ်သူ ကွမ်းစိုက်ရွာ NLD ဥက္ကဋ္ဌနဲ့ ဒေသခံအချို့ ရှောင်တိမ်းနေကြရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကွမ်းစိုက်ရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေက အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဖြစ်လို့ ရပ်တန်းက ရပ်သင့်နေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ပြည်တွင်းဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရရော လုံးဝကိုက်ညီမှု မရှိဘူး။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာတွေက နိုင်ငံတကာက ဒီတိုင်း လက်ပိုက်ကြည့်နေလို့ မရ တော့ဘူး။ စစ်အုပ်စုက Crime Against Humanity ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သလို၊ War Crime ကိုလည်း ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေတဲ့ စစ်အုပ်စုကို အားလုံးကဝိုင်းပြီးတော့ အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ဖို့ နိုင်ငံတကာကလည်း ဝိုင်းကူညီဖို့လိုသလို ပြည်သူကလည်း ဒါတွေကို မေ့သွားမှာ မဟုတ်ဘူး”

ရဲနဲ့စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးစခန်းမှာ ၂၄ နာရီအတွင်း သေဆုံးခဲ့သူတွေကတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္မူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုအဂ္ဂမိုးညို၊ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ မုံရွာမြို့က ကဗျာဆရာ ခက်သီ စစ်ကိုင်းတိုင်း ကလေးမြို့က သံသယနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသားတွေဖြစ်တဲ့ ကိုချစ်ကို၊ ဦးစိန်ဝင်းတို့ အပါအဝင် စုစုပေါင်း ၂၄ ဦးဖြစ်ပါတယ်။

interrogation+DEATH.jpg
(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံထားရစဉ် သေဆုံးသွားတဲ့ ကဗျာဆရာ ခက်သီ၊ ကိုစိုးမိုးလှိုင်နှင့် ကလေးမြို့က ကိုမင်းမင်းတို့ကို တွေ့ရစဉ်)



အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေအရ ဘယ်သူ့ကိုမှ သေစေလောက်အောင် ညှဉ်းပန်းနှိပ်စက်တာမျိုး မလုပ် ရတဲ့အတွက် ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးရမယ်လို့ ပြောပါတယ်။

“ဘယ်သူ့ကိုမှ နှိပ်စက်ညှဉ်းးပန်းတာ မရှိရဘူး၊ အစောကြီးကတည်းက ပြောထားပြီးသားပါ။ နှိပ်စက် ညှဉ်းပန်းပြီးတဲ့တိုင်အောင် သေဆုံးတဲ့အထိ နှိပ်စက်တာက အမှုကိစ္စပိုပြီးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တကယ်လို့ ကျုးလွန်တာမျိုးရှိရင် ကျူလွန်တဲ့သူကို ကျူးလွန်တဲ့အလိုက် ထိုက်သင့်စွာအရေးယူနိုင်တဲ့ အရာမျိုးဖြစ်မှာ နောက် ထပ်ဒီကိစ္စကို အကောင်ထည် ဖော်ဆောင်ရွက်တယ်။ ဒီလိုမျိုးကိစ္စတွေ နောက်တစ်ခါမဖြစ်အောင် တားဆီးနိုင်တယ်ဆိုတဲ့ကိစ္စတွေ လုပ်ငန်းစဉ်မျိုး ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ထိ လေးလ ကျော်ကာလ အတွင်းမှာ သေဆုံးသူ ၈၆၅ ဦးနဲ့ အဖမ်းခံထားရသူ ၄၉၆၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒိကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။