မြဝတီခရိုင်အတွင်း လူ၂၅ ဦးသေဆုံးမှု အဖြစ်မှန် မသိရသေး

2021.06.14
မြဝတီခရိုင်အတွင်း လူ၂၅ ဦးသေဆုံးမှု အဖြစ်မှန် မသိရသေး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ထောက်လှမ်းရေးတွေရဲ့ စစ်ဝတ်စုံများ။
Photo: KNDO News Media

စစ်ကောင်စီရဲ့ထောက်လှမ်းရေးတွေကို စစ်ဝတ်စုံ ရာထူးတံဆိပ် စတဲ့ သက်သေခံပစ္စည်းတွေနဲ့ မြဝတီ ခရိုင်အတွင်း ဖမ်းဆီးရမိတယ်လို့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ကပြောတဲ့အကြောင်း KNDO News Media ရဲ့ သတင်းမှာမနေ့က ဖော်ပြထားပါတယ်။ သက်သေခံပစ္စည်းတွေကို ဗီဒီယိုနဲ့ဖော်ပြခဲ့တာပါ။

ဖမ်းဆီးထားတဲ့သူတွေဟာ KNDO ထိန်းချုပ်တဲ့ မြဝတီခရိုင် ကနဲလေးရွာနားမှာ တံတားဆောက်တဲ့ အလုပ်သမားတွေအသွင်နဲ့ ရှိနေကြပြီး ဒီလူတွေရဲ့ မိသားစုဝင်တွေကိုလည်း လုံခြုံရေးအရ ထိန်းသိမ်းထားတယ်လို့ KNDO ဗိုလ်ကြီးတဦးနဲ့ တယ်လီဖုန်းကတဆင့် ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြထားပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ မနေ့က ဖော်ပြထားတာကတော့ မြဝတီခရိုင် ကနဲလေးရွာနားမှာ အပြစ်မဲ့ အရပ်သား ၄၇ ဦးကို မေလ ၃၁ရက်နေ့မှာ KNDO အဖွဲ့က ဖမ်းဆီး သွားပြီး ၂၅ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ ရေးပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ၂၂ ဦး ဇွန်လ ၁ရက်နဲ့ ၉ ရက်တွေမှာ ပြန်လွတ်လာကြတယ်လို့လည်း ဆိုပါတယ်။

အစုလိုက် သေဆုံးနေတဲ့ အလောင်းတွေကိုလည်း မြန်မာ့အလင်းမှာ ဓာတ်ပုံနဲ့ ဖော်ပြထားပါတယ်။ သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ထောက်လှမ်းရေးတွေ ဟုတ် မဟုတ်ဆိုတာနဲ့ ဘယ်လိုသေဆုံးခဲ့ကြတာလဲ ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုချက် မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။