အာဏာသိမ်းနှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၈၁၀၀ ကျော် ဖြစ်ပွား
2023.02.03

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်အထိ နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၈၁၀၀ ကျော် ဖြစ်ခဲ့ တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) က ဖေဖော်ဝါရီလ ၂ ရက် မနေ့က ထုတ်ပြန် ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံတစ်ဝန်းတိုက်ပွဲ ၄၆၀၀ ကျော်ပဲ ရှိခဲ့ရာကနေ အခုအာဏာသိမ်းပြီး နှစ်နှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့တာပါ။
ဒါဟာ စစ်အာဏာသိမ်းမှုအလွန်ကာလ နိုင်ငံရေးဆုတ်ယုတ်မှုတွေထဲက အထင်ရှားဆုံး ဖြစ်ပြီး စစ်ဘောင်ကျယ်လာတဲ့သဘောလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံတစ်ဝန်း တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
၂၀၁၀ ကနေ ၂၀၂၀ ပြည့်နှစ်တွေအထိ အစိုးရ နှစ်ဆက်အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာတွေ့ဆုံဖြေရှင်းရေးဆိုတဲ့မူလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပျက်စီးသွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ အခြားရွေးချယ်စရာ အခြေအနေ မရှိအောင် ဖြစ်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကျိုးဆက်အနေနဲ့ ပြည်တွင်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆၀၀ နီးပါးအထိ ရှိလာ ပြီး စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့နယ် ၁၉၈ မြို့နယ်ကိုပဲ ထိန်းချုပ်နိုင်တော့တာပါ။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Khin U Support Organization (KSO) စစ်ရေးတာဝန်ခံကတော့ စစ်ကောင်စီကို ဆက်ပြီးလက်နက်ကိုင် ခုခံတော်လှန်မယ်လို့ RFA ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်နဲ့ နေအိမ် ၆၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဆက်ပြီးဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။