ဘုံသဘောတူ မူဝါဒ ရရှိရေး၊ ၃၅ ဖွဲ့ ဆွေးနွေး


2016.05.29

တိုင်းရင်းသားတွေအနေနဲ့ လာမယ့်နိုင်ငံရေးမူဘောင်ရေးဆွဲရေးမှာ သူတို့နဲ့ကိုက်ညီတဲ့ မူဝါဒတွေချပြနိုင်ဖို့အတွက် ၂ နှစ်နီးပါးကြာ ဆွေးနွေးပြုစုထားတဲ့ မူဝါဒ ၉  ခုကို အချောသတ်ပြုစုပြီး ဘုံသဘောတူညီတဲ့ မူဝါဒတစ်ခုရရှိဖို့ အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပနေပါတယ်။

တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) Ethnic Nationalitice Affairs Center (Union of Burma) ENAC အဖွဲ့က ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ကိုယ်စားလှယ်တွေအပါအဝင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ချုပ် UNA က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးနေကြတာနဲ့ ပတ်သက်ပြီး ENAC အဖွဲ့က စီမံကိန်းတာဝန်ခံ ကိုယောထုန်က RFA ကို အခုလို ပြောဆိုပါတယ်။

"ကရင်ပြည်နယ်မှာ ဖြစ်ချင်တဲ့မြေယာဥပဒေနဲ့ ကချင်ပြည်နယ်မှာဖြစ်ချင်တဲ့ မြေယာဥပဒေ၊ ချင်းပြည်နယ် မှာဖြစ်ချင်တဲ့ မြေယာဥပဒေ၊ ရှမ်းပြည်နယ်မှာဖြစ်ချင်တဲ့ မြေယာဥပဒေ ဘယ်လိုမှတူမှာမဟုတ်ဘူး၊ သွားပြီၤးဆွေးနွေးတဲ့အခါမှာသော်လည်းကောင်း ဒါမှမဟုတ် တကယ်ပဲ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဘက်ကိုရော ဖက်ဒရယ်ပြည်ထောင်စုဘက်ကိုရော၊ ကျနော်တို့ တကယ်သွားတယ်ဆိုလို့ရှိရင် ပြည်နယ်တစ်ပြည်နယ် ချစ်ကြည်ရင်းနှီးမှု မူဝါဒအလိုက်ဆိုရင်တော့ အဆင်မပြေဘူး၊ အတိုင်းအတာတစ်ခုအရဆိုရင်တော့ အားလုံး ဗဟိုနားလည်မှုလိုတယ်၊ ကျနော်တို့ ဗဟိုနားလည်မှုယူတဲ့အခါ"

အချောသတ်ဆွေးနွေးနေတဲ့ မူဝါဒတွေကတော့ ကျန်းမာရေး၊ပညာရေး၊ ဒုက္ခသည်များနှင့် IDP နေရပ်ရွှေ့ပြောင်း ဒုက္ခသည်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ မြေယာ၊ သဘာဝသယံဇာတဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ အခွန်ကောက်ခံခြင်းဆိုင်ရာ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ စတဲ့ မူဝါဒ ၉ ခုဖြစ်တယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်နေတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ချုပ် UNA က အတွင်းရေးမှူးလည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က အထွေထွေ အတွင်းရေးမှူးလည်းဖြစ် တဲ့ ဦးစိုင်းညွန့်လွင်ကတော့ တိုင်းရင်းသားတွေအတွက် ဒီမူဝါဒတွေဟာ တိုင်းရင်းသားတွေ အတွက် အရေးကြီးကြောင်း အခုလို ပြောဆိုပါတယ်။

"အရေးကြီးပါတယ် နိုင်ငံရေးအဆက်အနွယ်ပေါ့နော်၊ ပညာရေးမူဝါဒ  အစသဖြင့်ပေါ့နော် ၊ ဒါဒီအချိန်မှာ အားလုံးလုပ်သင့်တယ်၊ ဘယ်အဖွဲ့စည်း ဘယ်အစုအဖွဲ့မဆို လုပ်သင့်တယ်၊ ဘာလို့လဲဆိုတော့ ၂၁ ရာစု ပင်လုံညီလာခံ လုပ်မယ်ဆိုတဲ့အခါကျတော့ တက်နိုင်သလောက် ပြင်ဆင်ထားဖို့အတွက်ပေါ့နော် ဒါတွေက ဝိုင်းဝန်းပြီးတော့ လုပ်ထားဖို့လိုတယ်"

ဒီအစည်းအဝေးကို ပြည်တွင်းပြည်ပက အဖွဲ့အစည်း ၃၅ ဖွဲ့က ကိုယ်စားလှယ် ၇ဝ နီးပါး တက်ရောက် ဆွေးနွေးနေ ကြပါတယ်။

တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ် စဉ်မှာ ထောက်ပံ့ကူညီနိုင်ဖို့အတွက် ပညာရေးနဲ့ သင်တန်းပို့ချမှုတွေအပြင် မူဝါဒရေးရာကိစ္စတွေကို လေ့လာ မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒီအဖွဲ့ကို၂ဝ၁၃ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။