တရုတ်နိုင်ငံ ကြံခုတ်လုပ်ငန်းက ထွက်ပြေးလာတဲ့ မြန်မာအလုပ်သမား ၄၅ ဦး မုံရွာကိုရောက်

0:00 / 0:00

တရုတ်နိုင်ငံကို တရားမဝင်လမ်းကြောင်းက သွားရောက်ပြီး ကြံခုတ်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ မြန်မာအလုပ်သမား ၄၅ ဦးဟာ ဒီကနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။

ကြံခုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီးက အလုပ်သမား ၄၅ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

တရားဝင်လမ်းကြောင်းကသာ သွားရမယ်လို့ ထင်ခဲ့ကြပေမယ့် လက်တွေ့မှာ တရားမဝင်သာ သွားခဲ့ရကြောင်းနဲ့ အလုပ်ခေါ်တုန်းက ပြောခဲ့တဲ့ အချက်တွေနဲ့ တကယ့်လက်တွေ့လုပ်ငန်းခွင်မှာ ဖြစ်နေတာတွေ မတူတာကြောင့် အခက်ခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရကြောင်း ပြန်ရောက်လာသူတွေက ပြောပါတယ်။

ကြားပွဲစားတွေက မြေပြင်ညီမှာ အလုပ်လုပ်ရမယ်ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ တောင်တက်၊ တောင်ဆင်းတွေမှာ ကြံတွေကို ထမ်းပြီးသယ်ပိုးရတာတွေဟာ ပင်ပန်းဆင်းရဲလွန်းတာကြောင့် မြန်မာနိုင်ငံကို ပြန်ဖို့ပြောဆိုကြတဲ့ အခါမှာတော့ အလုပ်ရှင်က လျော်ကြေး ငွေကျပ် ၁ သိန်းကျော် တောင်းခဲ့တယ်လို့ ပြောပါတယ်။ သူတို့တောင်းတဲ့ ငွေကြေးကို မပေးနိုင်၊ အလုပ်လည်း မလုပ်နိုင်တာကြောင့် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ပြောတဲ့အခါမှာတော့ အလုပ်ရှင်က ရဲအဖမ်းခံရမယ်လို့ ခြိမ်းခြောက်ပြီး သူတို့ကို ထမင်း၊ ဟင်းချက်စရာတွေ လာမပို့တော့ဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က သူတို့ဟာ တရားမဝင်သွားခဲ့တာကြောင့် အခုလို ဒုက္ခရောက်တဲ့အခါမှာ တရုတ်နိုင်ငံက အလုပ်ရှင်ကို တရားစွဲဆိုဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့လိုက်တာပါ။