နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြော
2023.09.29

တော်လှန်ရေးအင်အားစုတွေက နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီး အာဏသိမ်းထားတဲ့ စစ်တပ်က နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက Bloomberg သတင်းဌာနကို ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ကို စတင်ခဲ့တာ နှစ်နှစ်ကျော်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုကနေ ရလဒ်ကောင်းတွေ ရနေပြီး ခုဆိုရင် စစ်ကောင်စီဌာနချုပ်တည်ရှိတဲ့ နေပြည်တော်နဲ့ အနီးတဝိုက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ ရှိနေပြီလို့လည်း NUG ယာယီသမ္မတက Bloomberg သတင်းဌာနနဲ့ မေးမြန်းချက်မှာ ပြောခဲ့ပါတယ်။
ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့်၊ ဖုန်းလက်ခံဖြေဆိုတာ မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ မြန်မာနိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်စခန်း ၁ဝဝ ထက်မနည်း သိမ်းယူနိုင်ခဲ့ပြီး မြန်မာစစ်တပ်ကနေ ဘက်ပြောင်းလာသူ တပ်မတော်သား ၁၄ဝဝဝ လောက်ကိုလည်း အကူအညီပေးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။