စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲပေါင်း အကြိမ် ၆၆၀၀ ကျော် ဖြစ်ပွားခဲ့ ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmar က ဩဂုတ်လ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ ကရင်ပြည်နယ်က တိုက်ပွဲပေါင်း ၃၉၉၃ ကြိမ်နဲ့ အများဆုံး၊ စစ်ကိုင်းတိုင်းက ၆၄၁ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ကျန်တိုက်ပွဲတွေက မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းနဲ့ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ပွားနေတာပါ။
သက်တမ်းရင့် အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်က မြို့တွေမှာ တိုက်ပွဲအရေအတွက်များတာဟာ သိပ်ပြီး မထူးဆန်းလှပေမယ့် အရင်က ငြိမ်းချမ်းခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း မှာ စစ်တပ်က အာဏာသိမ်းပြီးမှ တိုက်ပွဲပေါင်း အကြိမ် ခြောက်ရာကျော် ဖြစ်ပွားလာတာကတော့ ထူးခြားတဲ့ကိစ္စဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
လက်ရှိအခြေအနေကိုကြည့်ရင် စစ်ကိုင်းတိုင်း နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေပြီး မြို့နယ်ပေါင်း ၃၇ မြို့နယ် အနက် ၃၄ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ISP – Myanmar ရဲ့ အကြီးတန်း သုတေသနအရာရှိ ကိုကျော်ထက်အောင် က RFA ကို ပြောပါတယ်။
"စစ်ကိုင်းက တစ်တိုင်းလုံးမှာ တိုက်ပွဲက ဖြစ်နေတာ။ တချို့မြို့နယ်တွေမှာ တစ်ကြိမ် ဖြစ်တယ်။ နှစ်ကြိမ် ဖြစ်တယ်။ စစ်ကိုင်းမှာ ၃၇ မြို့နယ်ရှိတာ၊ ၃၄ မြို့နယ်က တိုက်ပွဲ ဖြစ်တယ်။ မဖြစ်တာကလည်း အရမ်းခေါင်၊ အရမ်းဝေးတဲ့ နန်းယွန်းတို့၊ လရှီတို့၊ လဟယ်တို့ ဒီသုံးမြို့နယ်ပဲ ကျန်တယ်။ စစ်ကိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေ အများကြီး ပေါ်လာတယ်။ အဲဒီတော့ ပဋိပက္ခက အရမ်းကျယ်ပြန့်လာတယ်။ ခုခံတွန်းလှန်မှု ပိုလုပ်တဲ့အတွက် တိုက်ပွဲတွေ အရမ်းများလာတဲ့ သဘောပါ"
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် RFA ကို လက်ခံဖြေကြားနိုင်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
စစ်ကိုင်းတိုင်းဟာ ဖိနှိပ်ခံတောင်သူတွေများပြီး တစ်တိုင်းလုံးနီးပါး NLD အားကောင်းတဲ့ ဒေသဖြစ်တာကြောင့် စစ်အာဏာရှင်ကို ခုခံမှုမြင့်တက်လာတာလို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က PDF တပ်ရင်း - ၂ ရဲ့ တပ်ရင်းမှူး ကိုညာကြီး က RFA ကို ပြောပါတယ်။
"စစ်ကိုင်းတိုင်းက မဟာဗျူဟာကျတဲ့နေရာ ဖြစ်တယ်။ မြေပြန့်ရော တောင်ပေါ်ရော မျှနေတဲ့နေရာ ဖြစ်တယ်။ စစ်ကိုင်းတိုင်းက ၃၇ မြို့နယ်စလုံးမှာ NLD နိုင်ခဲ့တာ များတယ်။ စစ်အာဏာရှင်ကို မကြိုက်တာပေါ့။ စစ်ကိုင်းက တောင်သူများတယ်။ ဖိနှိပ်ခံလူတန်းစားများတော့ ဒီဖြစ်စဉ်မှာ လုံးဝ လက်မခံဘဲ လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုတဲ့ အသိတွေများလို့ နိုင်ငံရေးအသိ တွဲပါတာပေါ့။ အဲဒါကြောင့် တော်လှန်ရေး ကာလမှာ အများကြီး ပါလာတာ"
အစဉ်အဆက် ပြည်တွင်းစစ်မရှိဘဲ ငြိမ်းချမ်းခဲ့တဲ့ စစ်ကိုင်းတိုင်းမှာ အရင်ကတည်းက တိုင်း စစ်ဌာနချုပ် အခြေစိုက် တပ်ရင်းတစ်ခုနဲ့ တပ်မခွဲတစ်ခုလောက်သာ ရှိတာကြောင့် စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်း တစ်ခုလုံးကို စစ်ရေးအရ ထိန်းချုပ်နိုင်တာမျိုး မလုပ်နိုင်ဘူးလို့ စစ်ရေးအကဲခတ်တွေက အရင်က RFA ကို ပြောဆိုခဲ့ဖူးပါတယ်။
အခုနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်ခုခံမှု အရှိန်မြင့်လာတဲ့အခါ စစ်တပ်က ကြည်း၊ ရေ၊ လေ အင်အားစုံ သုံးပြီး ဖိနှိပ်ချေမှုန်းလာတာ တွေ့ရတယ်လို့လည်း စစ်ရေးအကဲခတ်တွေနဲ့ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် ခုခံမှု အောင်မြင်ခဲ့မယ်ဆိုရင် စစ်ကိုင်းတိုင်းကို ပထမဆုံး လွတ်မြောက်နယ်မြေ၊ လွတ်လပ် နယ်မြေအဖြစ် မျှော်လင့်ထားပါတယ်။
ကရင်ပြည်နယ်မှာတော့ အာဏာသိမ်း ၁၈ လကျော်အတွင်း တိုက်ပွဲပေါင်း ၃၉၉၃ ကြိမ်နဲ့ အများဆုံးဖြစ်နေပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်တစ်ခုတည်းမှာတင် တိုက်ပွဲပေါင်း ၃၇၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ISP – Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။