ရှမ်းနဲ့ကယားမှာ လက်နက်ကြီးကြောင့် ခုနစ်လအတွင်း ဘုရားကျောင်း ခုနစ်ကျောင်း ပျက်စီး

2021.11.12
ရှမ်းနဲ့ကယားမှာ လက်နက်ကြီးကြောင့် ခုနစ်လအတွင်း ဘုရားကျောင်း ခုနစ်ကျောင်း ပျက်စီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့က ယေဇူးရွှေနှလုံးတော် ဘုရားကျောင်းအတွင်းမှာ လက်နက်ကြီးကျည် ကျနေတာကို ၂၀၂၁၊ နိုဝင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: PKPF - Information Centre

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွေမှာ ပြီးခဲ့တဲ့ မေလကနေ ဒီနေ့အထိ အချိန်ခုနစ်လအတွင်း ကက်သလစ်ဘုရားကျောင်း ခုနစ်ကျောင်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပြီး ဘုရားကျောင်းထဲမှာ ပုန်းအောင်းနေသူ အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ကဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီအထဲက ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက ယေဇူးရွှေနှလုံးတော်ဘုရားကျောင်းကတော့ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က တစ်ကြိမ်၊ နိုဝင်ဘာလ ၉ ရက်နေ့က တစ်ကြိမ် လက်နက်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ဘုရားကျောင်း ခြောက်ကျောင်းကတော့ ကယားပြည်နယ်အတွင်းက စံပြ ခြောက်မိုင် လုဒ်မယ်တော် သခင်မကျောင်း၊ ဖရူးဆိုးမြို့က အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ ဘုရားကျောင်း၊ ဒီမော့ဆိုမြို့က ဒီမော့ဆိုနှစ်ခြင်းဘုရားကျောင်း၊ စိန်ဂျိုးဇက် ဘုရားကျောင်း၊ ဒေါငံခါးကျေးရွာက ငြိမ်းချမ်းခြင်း သခင်မဘုရား ကျောင်းနဲ့ ကယန်းသာယာရပ်ကွက်က ယေဇူးနှလုံတော် ဘုရားကျောင်းတွေ ဖြစ်ပါတယ်။

အဲဒီထဲမှာ မေလ ၂၄ ရက်နေ့ ကယန်းသာယာဘုရားကျောင်းကို လက်နက်ကြီး ပစ်ခတ်ခံရတာကြောင့် အရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ နေရာအတော်များများမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေနဲ့ ဘုရားကျောင်း တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ဘုရားကျောင်းတွေလည်း ပျက်စီးရတယ်လို့ ကရင်နီ လူထုကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောထားပါတယ်။

ဒီနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။