ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ဝေဒီရွာမှ ာဇူလိုင်လ ၉ ရက် မနေ့ည ၁၁ နာရီခွဲခန့်က စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲခံရသူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဝင်ရောက်ပစ်ခတ်ရာမှာ နေအိမ်မှာရှိနေတဲ့ အသက် ခုနစ်နှစ်အရွယ် မငုဝါနိုး သေနတ်ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကို လာရောက်ပစ်ခတ်တာ ကာယကံရှင်ကိုမထိဘဲ တူမဖြစ်သူနဲ့ ဇနီးကို ထိမှန်သွားတာလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“အိမ်ကိုဝင်ပစ်တာ၊ ဦးလေးကလွတ်သွားတယ်။ တူမနဲ့ မိန်းမကိုထိသွားတယ်။ တူမက ဆုံးသွားတယ်။ မိန်းမကတော့ ခြေထောက်ထိသွားတယ်။ ဒလန်ရှင်းတယ်ဆိုတာ ဥပဒေဘက်က ကြည့်ရင် ဥပဒေနဲ့ မညီဘူး။ တော်လှန်ရေးရဲ့ လိုအပ်ချက်အရ လုပ်တာ မပြောလိုပါဘူး။ ဒါပေမဲ့ မဆိုင်တဲ့မိသားစုတွေ ထိခိုက်တာမဖြစ်သင့်ဘူး။ တော်လှန်ရေးရဲ့ ပုံရိပ်ကိုလည်းထိခိုက်တယ်"
ဒလန်ရှင်းလင်းရေးမှာ မဆိုင်တဲ့သူတွေထိခိုက်မှု ရှိနေတာတွေကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေနဲ့လည်း အရေးယူဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
မငုဝါနိုးရဲ့ မိဘတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေရဲ့ ရန်ပြုမှုကြောင့် တိမ်းရှောင်နေကြရပြီး မငုဝါနိုးကတော့ ပစ်ခတ်မှုဖြစ်တဲ့ အဒေါ်ဖြစ်သူရဲ့ နေအိမ်မှာ ခေတ္တလာရောက်နေထိုင်တာပါ။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီကိစ္စမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း အတည်ပြုထားသလို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ သပိတ်ကော်မတီထံ ပြောထားကြောင်း သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လောင်းလုံးမြို့နယ်ထဲက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေလည်း အစည်းဝေးပြုလုပ်နေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဘက်က RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ အနည်းဆုံး ကလေး ၃၈၂ ဦး သေဆုံးတာနဲ့ ကိုယ်လက် အင်္ဂါချို့ယွင်းပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။